မောင်းသူမဲ့ကားအနေနဲ့ လမ်းသွားလမ်းလာတစ်ဦးအသက်ထက် ယာဉ်မောင်းအန္တရာယ်ကင်းရေးကို ပိုမိုဦးစားပေးမှာဖြစ်ကြောင်း Mercedes ပြောကြား

Mercedes ရဲ့ နောင်တစ်ချိန်မှာထုတ်မယ့် မောင်းသူမဲ့ကားတွေဟာ လမ်းသွားလမ်းလာတစ်ဦးရဲ့ အသက်ထက် ကားထဲမှာစီးနင်းလိုက်ပါလာသူခရီးသည်ရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုကို ဦးစားပေးမှာဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ပါတယ်။

Car and Driver မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ခုမှာ Mercedes-Benz ရဲ့ ယာဉ်မောင်းအထောက်အကူပြုစနစ်ပိုင်းအကြီးအကဲ Christoph von Hugo က အကယ်၍ မောင်းသူမဲ့ကားတစ်စီးအနေနဲ့ ယာဉ်မောင်းနဲ့ လမ်းသွားလမ်းလာအသက် နှစ်ခုထဲကတစ်ခုကို မဖြစ်မနေရွေးချယ်ရတော့မယ်အခြေအနေမျိုးမှာ ယာဉ်မောင်းကိုပဲ ဦးစားပေးမှာဖြစ်ကြောင်း ဖြေကြားခဲ့တာပါ။

395df97b00000578-3837453-image-a-9_1476408243086
၂၀၁၅ CES ပွဲ၌ Mercedes-Benz F015 Luxury in Motion အမည်ရ ဟိုက်ဒရိုဂျင်-လျှပ်စစ်စွမ်းအင်သုံး မောင်းသူမဲ့ကားရှေ့ပြေးမော်ဒယ်ကို ပြသထားစဉ်

“ အကယ်၍ ကားရှေ့ကို လူတစ်ယောက် ရုတ်တရက်ဝင်လာတဲ့အခြေအနေမျိုးမှာ မောင်းသူမဲ့ကားအနေနဲ့ ယာဉ်အမြန်နှုန်းကို လျော့ချပေးမှာကလွဲရင် နည်းပညာက ဘာမှလုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ လူတစ်ယောက်အသက်ကိုပဲ ကယ်နိုင်မယ်ဆိုတာ သေချာတဲ့အခြေအနေမှာ ကားထဲကလိုက်ပါလာတဲ့ လူအသက်ကိုပဲ ကယ်တင်ရမှာပါ” လို့လည်း Mercedes Australia ရဲ့ ပြောရေးဆိုခွင့်ရှိသူ David McCarthy က Hugo အတိုင်း The Australian သတင်းဌာနကို  ပြောကြားခဲ့ပါတယ်။

ယခုမောင်းသူမဲ့ကားပြဿနာဟာ “Trolley Problem” လို့ အမည်ရတဲ့ လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာဒွိဟပြဿနာတစ်ခုကို အဓိကအခြေခံထားတာပါ။

Trolley Problem မှာ ဖြေရှင်းသူက ရထားလမ်းလွှဲကို ထိန်းချုပ်ရမှာဖြစ်ပြီး၊ ရထားလမ်းကြောင်းတစ်ခုမှာ အပြစ်မဲ့လူအများအပြားကို ချည်နှောင်ထားကာ၊ နောက်လမ်းကြောင်းတစ်ခုမှာလည်း အလားတူ အပြစ်မဲ့လူတစ်ယောက်လောက်ကို ချည်နှောင်ထားပါတယ်။ ဖြေမယ့်လူအနေနဲ့ ရထားကို ဘယ်လမ်းကြောင်းကနေ သွားစေချင်လဲဆိုတာ ဆုံးဖြတ်ခိုင်းတာဖြစ်ပါတယ်။ ရထားကို ဘယ်လမ်းကြောင်းပြောင်းပြောင်း လူကတော့ သေရမှာပါ။

0-eovbdecck3mztoyn

ဒီပြဿနာမျိုးကို မောင်းသူမဲ့ကားတွေလည်း တစ်ချိန်ချိန်မှာကြုံလာနိုင်ပါတယ်။ မောင်းသူမဲ့ကားအနေနဲ့ လမ်းဖြတ်ကူးလာသူအတိုက်မခံရအောင်လို့ အရှိန်နဲ့မောင်းလာတဲ့ကားကို ကွန်ကရစ်ဘလောက်တုံးတွေဘက် ဆွဲကွေ့မလား ဒါမှမဟုတ် ယာဉ်မောင်းအန္တရာယ်မရှိအောင်လို့ လမ်းဖြတ်ကူးသူကိုပဲ တိုက်ရမလား ဆုံးဖြတ်ချက်ချရမယ့်အခြေအနေရှိလာနိုင်ပါတယ်။

Mercedes အနေနဲ့ကတော့ သူ့ရဲ့မောင်းသူမဲ့ကားတွေမှာ ဒီလိုအဖြစ်အပျက်မျိုး လုံးဝမကြုံနိုင်အောင်လို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားမှာဖြစ်ကြောင်းလည်း Mr von Hugo က ရှင်းပြခဲ့ပါတယ်။

Ref: Daily Mail, Fortune

 

 

 

Comments

comments

Ye Wint
A perfect combination of cosmic dusts.
http://digitaltimes.com.mm/author/yewint/
Top