ဟက်ကာတွေက ရုရှား နိုင်ငံ မော်စကိုမှာ ကားလမ်း ပိတ်အောင် ပြုလုပ်ခဲ့

ဟက်ကာတွေက တက္ကစီငှားတဲ့ Yandex Taxi App ကို အသုံးပြုကာ ရုရှား နိုင်ငံ မော်စကိုမှာ ကားလမ်း ပိတ်အောင် ပြုလုပ်ခဲ့ပါတယ်။ ဟက်ကာတွေက တူညီတဲ့ တည်နေရာ တစ်ခုဆီကို တက္ကစီများစွာကို ခေါ်ဆောင်ခဲ့တာပါ။ စက်တင်ဘာလ ၁ ရက်နေ့မှာ အဲဒီ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး Kutuzovsky Prospect ကို သွားတဲ့ လမ်းမှာ ကားလမ်းပိတ်သွားခဲ့ပါတယ်။

တူညီတဲ့ တည်နေရာကို သွားဖို့ ကြိုးစားနေတဲ့ တက္ကစီတွေရဲ့ ဗီဒီယိုကို တွစ်တာနဲ့ Reddit မှာ ကျယ်ပြန့်စွာ မျှဝေခဲ့ကြပါတယ်။ မော်စကိုဟာ နဂိုကတည်းက ကားလမ်းပိတ်တဲ့ နေရာမှာ နာမည်ကြီးပါတယ်။ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ ကားလမ်း အပိတ်ဆုံး မြို့စာရင်းမှာ မော်စကိုဟာ နံပါတ် ၂ နေရာရခဲ့ပါတယ်။

Yandex Taxi က “ စက်တင်ဘာလ ၁ ရက်နေ့မှာ Yandex Taxi ဟာ ဟက်ကာတွေရဲ့ တိုက်ခိုက်မှု ခံခဲ့ရပါတယ်။ တက္ကစီကားများစွာကို Fili Region ကို ခေါ်ခဲ့ကြပါတယ်။ ကားလမ်း ပိတ်တာဟာ မိနစ် ၄၀ လောက်ကြာမြင့်ခဲ့ပါတယ်။ ဒီလို တိုက်ခိုက်မှုမျိုးကို အာရုံခံနိုင်တဲ့ Alogrithm ကို အဆင့်မြှင့်လိုက်ပြီ ဖြစ်ပြီး အနာဂတ်မှာ အလားတူ တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်မှာပါ။ “ လို့ ပြောပါတယ်။

Yandex က အဲဒီ တိုက်ခိုက်မှုကို ပြုလုပ်တဲ့ ဟက်ကာတွေကို အတည်မပြုနိုင်သေးပေမယ့် တက်ကြွလှုပ်ရှားတဲ့ ဟက်ကာ အဖွဲ့ Anonymous က သူတို့လက်ချက်လို့ တွစ်တာမှာ ပြောထားပါတယ်။

Ref : theverge

%d bloggers like this: