တရုတ်ရဲ့ ဒုံးပျံ အိန္ဒိယ ပင်လယ်ပေါ် ပျက်ကျ

တရုတ်ရဲ့ အာကာသကို လွှတ်တင်လိုက်တဲ့ Long March 5B ဒုံးပျံဟာ ထိန်းချုပ်လို့ မရတော့ဘဲ ကမ္ဘာမြေထဲ ပြန်လည် ဝင်ရောက်လာကာ အိန္ဒိယ ပင်လယ်ပေါ်မှာ ပျက်ကျသွားပါတယ်။ မလေးရှား နိုင်ငံ ဘော်နီယိုကျွန်းပေါ်က ပြည်နယ် ၁ ခုဖြစ်တဲ့ ဆာရာဝပ် အနားမှာ ပျက်ကျသွားပါတယ်။

US Space Command က ဒုံးပျံ ပျက်ကျသွားတဲ့အကြောင်းကို အတည်ပြုထားပေမယ့် အပျက်အဆီးတွေ ကျရောက်တဲ့ နေရာကို မပြောပါဘူး။ တရုတ်ရဲ့ Manned Space Agency က ဒုံးပျံရဲ့ အစိတ်အပိုင်းအများစုဟာ မီးလောင်သွားပြီး ပျက်ကျသွားတယ်လို့ ပြောပါတယ်။

ဇူလိုင်လ ၂၄ ရက်နေ့မှာ တရုတ်က မပြီးသေးတဲ့ Tiangong အာကာသစခန်းသို့ Lab Module ၁ ခုကို Long March 5B နဲ့ ပို့ဆောင်ခဲ့ပါတယ်။ ဒုံးပျံဟာ ပေ ၁၀၀ ရှည်ပြီး ၂၂ တန် အလေးချိန်ရှိပါတယ်။ ကမ္ဘာကို လှည့်ပတ်ပြီး အချိန်အတော်ကြာမှ ထိန်းချုပ်လို့ မရတော့ဘဲ ကမ္ဘာမြေပေါ် ပျက်ကျသွားတာပါ။

ဒါဟာ တရုတ်ရဲ့ တတိယမြောက် Long March 5B ဒုံးပျံ လွှတ်တင်မှု ဖြစ်ပြီး ထိန်းချုပ်လို့ မရဘဲ ပျက်ကျတာလည်း တတိယမြောက် အကြိမ် ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ တရုတ်ရဲ့ Long March 5B ဒုံးပျံဟာ အာကာသသို့ Tiangong ရဲ့ Core Module ၁ ခုကို သယ်ဆောင်သွားပြီးနောက် အိုင်ဗရီကို့စ်မှာ ပျက်ကျသွားပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ တရုတ်ဟာ Long March 5B ကို လွှတ်တင်ခဲ့ပြီး အိန္ဒိယ ပင်လယ်ထဲ ပျက်ကျသွားပါတယ်။

Ref : theverge

%d bloggers like this: