ပထမဆုံး အကြိမ် ဝင်ငွေ ကျဆင်းသွားတဲ့ Facebook

ဆယ်စုနှစ်ကြာ ဝင်ငွေ တောက်လျှောက် တိုးတက်ခဲ့တဲ့ Facebook ရဲ့ အောင်မြင်မှုဟာ အဆုံးသတ်သွားပါပြီ။ Facebook က ကွာတား ၂ မှာ ပထမဆုံး အကြိမ် ဝင်ငွေ ကျဆင်းခဲ့တယ်လို့ ပြောပါတယ်။ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒေါ်လာ ၂၈.၈ ဘီလီယမ်ရခဲ့ပါတယ်။ ကွာတား ၃ မှာလည်း ဝင်ငွေ ဆက်လက် ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ မိခင် ကုမ္ပဏီ Meta ရဲ့ အမြတ်ဟာ ၃၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၆.၇ ဘီလီယမ် ရှိပါတယ်။ Mark Zuckerberg ရဲ့ Metaverse အိပ်မက်ကို အကောင်အထည် ဖော်ပေးနေတဲ့ Reality Labs ဌာနက ၂.၈ ဘီလီယမ် ဆုံးရှုံးခဲ့ပါတယ်။

စီးပွားရေး ကျဆင်းနေတဲ့အတွက် ကြော်ငြာရှင်တွေက ငွေကြေး သုံးစွဲမှုကို လျှော့ချလာတဲ့အတွက် အခုလို Facebook ရဲ့ ဝင်ငွေ ကျဆင်းသွားတာပါ။

လက်ရှိမှာ Meta ဟာ TikTok ကို ယှဉ်ပြိုင်ဖို့အတွက် Facebook နဲ့ Instagram မှာ ဗီဒီယို အတိုတွေကို ဦးစားပေးပြသနေပါတယ်။ Zuckerberg က Facebook နဲ့ Instagram မှာ Follow မလုပ်ထားတဲ့ လူတွေရဲ့ ပို့စ်တွေကို ပြသမှုဟာ နောက်နှစ်မှာ ၂ ဆတိုးမယ်လို့ ပြောပါတယ်။ ဒီလိုလုပ်ဖို့ လိုအပ်တဲ့ AI ကို တည်ဆောက်တာဟာ ငွေကုန်ကြေးကျများတဲ့ ရင်းနှီးမြှပ်နှံမှုလို့ သူက ပြောပါတယ်။

Meta ရဲ့ ဝင်ငွေဟာ ကျဆင်းနေပေမယ့် Facebook ရဲ့ နေ့စဉ် သုံးစွဲသူဟာ ၃ ရာခိုင်နှုန်း တိုးနေပြီး ၁.၉၇ ဘီလီယမ် ရှိပါတယ်။ Meta က ၂.၈၈ ဘီလီယမ်ဟာ သူ့ရဲ့ လူမှုကွန်ရက် App တွေ ဖြစ်တဲ့ Facebook, Messenger, Instagram နဲ့ WhatsApp ကို နေ့တိုင်း သုံးနေပြီး အရင်နှစ်ကထက် ၄ ရာခိုင်နှုန်း တိုးလာတယ်လို့ ပြောပါတယ်။

Ref : theverge

%d bloggers like this: