၂၀၁၇ ခုနှစ်တုန်းက iPhone အဟောင်းတွေရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းအောင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် Apple ရဲ့ ပုံရိပ် ထိခိုက်စေခဲ့ပါတယ်။ နှေးအောင်လုပ်ထားတဲ့ ဖုန်း မော်ဒယ်တွေက iPhone 6, 6 Plus, 6S, 6S Plus, SE, 7, 7 Plus, 8, 8 Plus နဲ့ iPhone X တို့ ဖြစ်ပါတယ်။ Apple ဟာ Firmware Update မှာ Performance Management Tool ကို ထည့်သွင်းကာ ဖုန်းတွေကို နှေးအောင်လုပ်ခဲ့တာပါ။ User တွေကို အဲဒီ အကြောင်း အသိပေးခဲ့တာလည်း မရှိခဲ့ပါဘူး။
Apple က Update ဟာ iPhone စွမ်းဆောင်ရည်ကို တိုးတက်စေတယ်လို့ ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ ပြောင်းပြန် ဖြစ်ခဲ့ပါတယ်။ User နဲ့ ဂျာနယ်လစ်တွေက Apple ဟာ ဖုန်း အဟောင်းတွေကို နှေးအောင် လုပ်ထားတယ်ဆိုတာ စစ်ဆေးတွေ့ရှိပြီးနောက်မှာ Apple ဟာ လူသိရှင်ကြား တောင်းပန်ခဲ့ရပါတယ်။ Apple ကတော့ User တွေရဲ့ ကောင်းကျိုးအတွက် ဒီလို လုပ်ရတာလို့ ပြောပါတယ်။ ဘက်ထရီ သက်တမ်း ပိုကြာရှည်စေဖို့ ဒီလို လုပ်တာ ဖြစ်ပါတယ်။
အခုတော့ စားသုံးသူ ကာကွယ်ရေး အဖွဲ့မှ ခေါင်းဆောင် Justin Gutmann က ဖုန်း အဟောင်းတွေကို နှေးအောင်လုပ်ထားတဲ့ Apple ကို တရားစွဲလိုက်ပြီး လျှော်ကြေး ဒေါ်လာ သန်း ၉၀၀ ရရှိလိုကြောင်း တရားရုံးမှာ အမှုဖွင့် ထားပါတယ်။ ဒီအမှုကို Apple ဘယ်လို ရင်ဆိုင်မလဲ ဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပါ။
Ref : gizchina