SD695 နဲ့ 8,340mAh ဘက်ထရီ ပါတဲ့ realme Pad X ကို ကြေညာ

realme က တတိယမြောက် Android တက်ဘလက် ၁ လုံးကို ကြေညာလိုက်ပါတယ်။ realme Pad X လို့ နာမည်ပေးထားပြီး ၁၁ လက်မ FHD+ LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Snapdragon 695 Chipset မောင်းနှင်ထားပြီး ဒစ်ဂျစ်တယ် ဘောပင် ထည့်ပေးထားပါတယ်။ အရွယ်ကြီး 8,340mAh ဘက်ထရီ ပါလာပါတယ်။

Realme Pad X official with SD 695 and 8,340 mAh battery

realme Pad X ရဲ့ မျက်နှာပြင် အရည်အသွေးက 2000x1200p ဖြစ်ပြီး 5:3 Aspect Ratio နဲ့ 450 nits Brightness ထောက်ပံ့ထားပါတယ်။ ဖိအား အာရုံခံနိုင်တဲ့ ဒစ်ဂျစ်တယ် ဘောပင်ကို သီးခြား ရောင်းချမှာပါ။ အရှေ့ ကင်မရာက 8MP ဖြစ်ပြီး ၁၀၅ ဒီဂရီ မြင်ကွင်းကျယ် ထောက်ပံ့ထားကာ အနောက်ကင်မရာက 13MP ဖြစ်ပါတယ်။

၇.၁ မီလီမီတာ အထူရှိပြီး ၄၉၉ ဂရမ် အလေးချိန်ရှိပါတယ်။ Dolby Atmos ပါတဲ့ စပီကာ ၄ လုံး တပ်ဆင်ထားပြီး Hi-Res Audio ထောက်ပံ့ထားပါတယ်။ Qualcomm ရဲ့ စွမ်းရည်သင့် Snapdragon 695 Chipset မောင်းနှင်ထားပြီး 4/6GB RAM နဲ့ 128GB Storage အထိ ရွေးချယ်နိုင်ကာ microSD Card စိုက်နိုင်ပါတယ်။ realme UI 3.0 Software မောင်းနှင်ထားပြီး 33W Fast Charging ပါပါတယ်။

Green , Sea Blue နဲ့ Star Gray အရောင်တွေ ထုတ်လုပ်ထားပြီး 4/64GB ကို ၁,၂၉၉ ယွမ်နဲ့ 6/128GB ကို ၁,၅၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃၅၀,၀၀၀ နဲ့ ၄၄၀,၀၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပြီး တရုတ်မှာ မေလ ၃၁ ရက်နေ့ စတင် ရောင်းမှာပါ။

Ref : gsmarena

%d bloggers like this: