Portland က ရဲတွေဟာ Apple AirTag ရဲ့ နည်းပညာ အကူအညီနဲ့ ဓါးပြတိုက်သူ ၁ ယောက်ကို ခြေရာခံကာ ဖမ်းနိုင်ခဲ့ပါတယ်။ အဲဒီ လူရဲ့ အမည်က Justin Johnston ဆိုသူ ဖြစ်ပြီး သူဟာ လက်နက်ကိုင်ကာ ဓါးပြတိုက်တာ၊ ပစ္စည်း ခိုးယူတာတွေကို ပြုလုပ်ခဲ့ပါတယ်။ သူဟာ AirTag တပ်ဆင်ထားတဲ့ ကျောပိုးအိတ် ၁ လုံးကို ခိုးယူသွားခဲ့ပြီး အဲဒီနောက်မှာ ရဲတွေက AirTag ကနေ သူ့ရဲ့ တည်နေရာကို ခြေရာခံကာ ဖမ်းမိနိုင်ခဲ့ပါတယ်။
မေလ ၉ ရက်နေ့တုန်းကလည်း Apple AirTag ကြောင့် ဒေါ်လာ ၇၀၀၀ တန် ကင်မရာ ပစ္စည်းတွေကို ပြန်လည် ရရှိခဲ့တဲ့ ဖြစ်ရပ် ၁ ခု ဩစတြေးလျမှာ ဖြစ်ပွားခဲ့ပါတယ်။ AirTag ဟာ ပျောက်သွားတဲ့၊ အခိုးခံရတဲ့ ပစ္စည်းတွေကို ပြန်လည် ရှာဖွေရာမှာ တော်တော် အသုံးဝင်ပါတယ်။
ဒါပေမယ့်လည်း မသမာသူတွေဟာ AirTag ကို အသုံးချကာ ပစ္စည်းတွေကို ခိုးယူနေတဲ့ ပြဿနာတွေလည်း ရှိနေပါတယ်။ သူခိုးတွေဟာ လမ်းမှာ ရပ်ထားတဲ့ တန်ဖိုးကြီး ကားတွေမှာ AirTag တပ်ဆင်ပေးလိုက်ပြီး အဲဒီနောက်မှာ ကားပိုင်ရှင်ရဲ့ အိမ်ကို AirTag ကနေ ခြေရာခံကြပါတယ်။ အိမ်ကို သိတာနဲ့ အဲဒီကို သွားပြီး ကားကို ခိုးယူကြတာ ဖြစ်ပါတယ်။
အဲဒီအတွက် Apple ဟာ ပစ္စည်းတွေမှာ AirTag ကို တစ်စုံတစ်ယောက်က တပ်ဆင်ထားရင် စမတ်ဖုန်းမှာ အသိပေးတဲ့ စနစ်ကို ဖန်တီးခဲ့ရပါတယ်။
Ref : gizchina