မြေပြင်ကနေ ဝေဟင်၊ ဝေဟင် ကနေ မြေပြင် ဒေါင်လိုက် အတက်၊ အဆင်း လုပ်နိုင်တဲ့ လေယာဉ်တွေ (eVTOL)ကို တီထွင်နေတဲ့ Overair က လော့စ်အင်ဂျလိစ်မှာ မိုးပျံ တက္ကစီတွေ ပြေးဆွဲဖို့ Urban Movement Labs (UML) နဲ့ ပူးပေါင်းလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ Urban Air Mobility Partnership လို့ အမည်ပေးထားပြီး ကုမ္ပဏီ ၂ ခုဟာ ဘေးကင်းလုံခြုံပြီး၊ သက်တောင့်သက်သာရှိတဲ့ မိုးပျံ တက္ကစီ ဝန်ဆောင်မှုကို လော့စ်အင်ဂျလိစ်မှာ ပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။
Overair ဟာ UML နဲ့ ပူးပေါင်းကာ မိုးပျံ တက္ကစီ အခြေခံ အဆောက်အဦးတွေကို ဖန်တီးမှာ ဖြစ်တဲ့အပြင် eVTOL တွေရဲ့ အသံဆူညံမှုကိုလည်း သုတေသန ပြုလုပ်မှာ ဖြစ်ပါတယ်။ Overair ဟာ ကယ်လီဖိုးနီးယား အခြေစိုက် ဖြစ်ပြီး စွမ်းရည်မြင့် eVTOL ဖြစ်တဲ့ Butterfly ကို ဖန်တီးနေပါတယ်။
Butterfly ကို မြို့ပြတွေမှာ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုဖို့ ဖန်တီးထားပြီး လူ ၆ ယောက် (ခရီးသည် ၅ ယောက်နဲ့ ပိုင်းလော့ ၁ ယောက်) လိုက်ပါ စီးနင်းနိုင်ပါတယ်။ ကုန်ပစ္စည်း ပေါင် ၁,၁၀၀ ကို သယ်ဆောင်နိုင်ပြီး မိုင် ၁၀၀ ကို တစ်နာရီလျှင် မိုင် ၂၀၀ အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။ အဲဒီလို မောင်းနှင်ဖို့အတွက် လျှပ်စစ် စွမ်းအင်ကိုပဲ အသုံးပြုထားတာဖြစ်ပြီး ကာဘွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှင့်မှု လုံးဝ မရှိဘူးလို့ သိရပါတယ်။
Overair နဲ့ UML တို့ဟာ လော့စ်အင်ဂျလိစ်မှာ မိုးပျံ တက္ကစီ ဝန်ဆောင်မှု အမြန်ဆုံး စတင် နိုင်ဖို့အတွက် ကြိုးစားကြမှာ ဖြစ်ပါတယ်။
Ref : interestingengineering