၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ Elon Musk က လူသားတွေ အင်္ဂါဂြိုလ်ကို ဆယ်စုနှစ်အတွင်း သွားနိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ အခုတော့ SpaceX ရဲ့ ဥက္ကဌနဲ့ Chief Operating Officer ဖြစ်သူ Gwynne Shotwell က ၂၀၃၀ ခုနှစ်မတိုင်ခင်မှာ လူသားတွေ အင်္ဂါဂြိုလ်ကို သွားနိုင်မယ်လို့ ပြောပါတယ်။
သူမက လာမယ့် ၅ နှစ်၊ ၆ နှစ်အတွင်း အင်္ဂါဂြိုလ်ဟာ လူသားတွေ လည်ပတ်စရာ နေရာ ဖြစ်လာတော့မှာပါလို့ ပြောပါတယ်။ အဲဒီကို သွားနိုင်ဖို့အတွက် SpaceX ရဲ့ Starship အာကာသယာဉ်ကို အသုံးပြုမှာ ဖြစ်ပါတယ်။ Starship ဟာ ပြန်လည် အသုံးပြုနိုင်တဲ့ အာကာသယာဉ် ဖြစ်ပြီး လူသားတွေနဲ့ ကုန်ပစ္စည်းတွေကို လနဲ့ အင်္ဂါဂြိုလ်ကို ပို့ဆောင်နိုင်ပြီး ကမ္ဘာမြေကို ပြန်လည် ဆင်းသက်နိုင်ပါတယ်။ တော်တော် အဆင့်မြင့်တဲ့ အာကာသယာဉ်လို့ ပြောနိုင်ပါတယ်။
SpaceX ဟာ Starship ရဲ့ ပထမဆုံး ကမ္ဘာပတ်လမ်းကြောင်း စမ်းသပ်ပျံသန်းမှုကို ပြုလုပ်ဖို့ စီစဉ်နေပြီး Starbase လို့ခေါ်တဲ့ တောင် တက္ကဆပ်က စက်ရုံကနေ လွှတ်တင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန် လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန (FAA) က Starbase ရဲ့ ပတ်ဝန်းကျင်ကို အရင်ဆုံး လေ့လာဆန်းစစ်ရဦးမှာ ဖြစ်ပါတယ်။
အဲဒီ လေ့လာဆန်းစစ်မှုကို ၂၀၂၁ ခုနှစ် အကုန်မှာ ပြီးစီးဖို့ ရည်မှန်းထားပေမယ့် FAA ဟာ အကြောင်းအရာမျိုးစုံကြောင့် နှောင့်နှေးခဲ့ရပါတယ်။ အခုတော့ မေလ ၃၁ ရက်နေ့မှာ ပြီးစီးဖို့ ရည်မှန်းထားပါတယ်။
Ref : interestingengineering