လျှပ်စစ်ကားတွေဟာ လောင်စာဆီသုံးကားတွေထက် သဘာဝ ပတ်ဝန်းကျင်ကို ပျက်ဆီးမှု သက်သာစေပါတယ်။ ဒါပေမယ့် လျှပ်စစ်ကားတွေကို အားသွင်းရတဲ့ အချိန်ဟာ အတော်ကြာမြင့်တာက ပြဿနာ ဖြစ်နေပါတယ်။
ဒါဟာ မကြာခင်မှာ ပြောင်းလဲတော့မှာပါ။ တရုတ်က သုတေသနပညာရှင်တွေက ၅.၆ မိနစ်အတွင်း ၀ ကနေ ၆၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တဲ့ လစ်သီယမ်အိုင်းယွန်း ဘက်ထရီကို အောင်မြင်စွာ တီထွင်လိုက်နိုင်ပါပြီ။ ဒီလို အားသွင်းနှုန်း မြန်စေဖို့ ဘက်ထရီရဲ့ Anode မှာ Copper Coating နဲ့ Nanowire တွေ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။
Anode ကို အဆင့်မြှင့်တင်ပြီးတာနဲ့ သုတေသနပညာရှင်တွေဟာ အားသွင်း အမြန်နှုန်းကို တွက်ချက်ခဲ့ကြပါတယ်။ ၅.၆ မိနစ်အတွင်းမှာ လစ်သီယမ်အိုင်းယွန်း ဘက်ထရီကို ၆၀ ရာခိုင်နှုန်းနဲ့ ၁၁.၄ မိနစ်အတွင်း ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တာကို တွေ့ခဲ့ကြပါတယ်။
ပညာရှင်တွေက အဲဒီ ဘက်ထရီရဲ့ ကုန်ကျစားရိတ်နဲ့ ထုတ်လုပ်ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။ အနာဂတ်မှာတော့ လျှပ်စစ်ကားတွေကို မြန်မြန်ဆန်ဆန်နဲ့ အားသွင်းနိုင်တော့မှာ ဖြစ်ပါတယ်။
Ref : interestingengineering