Tesla ကား တစ်စီးဟာ အလိုအလျှောက် မောင်းနှင်ချိန်မှာ ဒေါ်လာ ၃.၅ သန်းတန် Cirrus Vision ဂျက်လေယာဉ်ကို ဝင်တိုက်ခဲ့တဲ့ ဗီဒီယို ၁ ခု အွန်လိုင်းမှာ တက်လာပါတယ်။ အခု ဖြစ်ရပ်ဟာ Spokane’s Felts လေဆိပ်မှာ ဖြစ်ပွားခဲ့တာပါ။ Tesla Model Y မှာ “Smart Summon” လုပ်ဆောင်ချက် ပါပြီး ပိုင်ရှင်က ဖုန်းမှ ခလုတ် ၁ ခုကို နှိပ်လိုက်တာနဲ့ ကားဟာ ပိုင်ရှင်ဆီကို အလိုအလျှောက် မောင်းနှင်သွားတာပါ။ အခု ဖြစ်ရပ်မှာ ပိုင်ရှင်က အဲဒီ လုပ်ဆောင်ချက်ကို သုံးလိုက်တာ ဖြစ်ပြီး လေယာဉ်ကို တိုက်မိသွားတာပါ။
အခု ဗီဒီယိုမှာ ကားဟာ လေယာဉ်ရဲ့ အမြီးကို ဝင်တိုက်မိသွားပြီး လေယာဉ်ဟာ လည်ထွက်သွားတာ မြင်ရပါတယ်။ “ ကျွန်တော်လည်း Tesla Model Y ကို စီးပါတယ်။ ဒါပေမယ့် တန်ဖိုးကြီးတဲ့ လေယာဉ်တွေအနားမှာ “Smart Summon” လုပ်ဆောင်ချက်ကို မသုံးပါဘူး။ “ လို့ Reddit သုံးစွဲသူ ၁ ယောက်က မှတ်ချက်ပေးပါတယ်။
“Smart Summon” လုပ်ဆောင်ချက်မှာ ပြဿနာတွေ ရှိနေပြီး အရင်ကလည်း အခုလို မတော်တဆမှုတွေ ဖြစ်ခဲ့ဖူးပါတယ်။ CEO Elon Musk က “Smart Summon” ဟာ Tesla ရဲ့ ပြိုင်စံရှား လုပ်ဆောင်ချက်လို့ ပြောထားပေမယ့် ဘေးကင်းလုံခြုံရေး အပိုင်းမှာ အားနည်းချက်တွေ ရှိနေပါသေးတယ်။
Tesla ရဲ့ Autopilot နဲ့ Full Self Driving Beta တို့ကို အသုံးပြုနေချိန်မှာ ယာဉ်မောင်းဟာ အချိန်ပြည့် ဂရုစိုက်ထားဖို့ လိုအပ်ပါတယ်။ အဲဒီလိုပဲ “Smart Summon” ကို သုံးရင်လည်း ဂရုစိုက်ထားရမှာပါ။ အခု ဖြစ်ရပ်မှာ ပိုင်ရှင်ဟာ ဂရုစိုက်မှု မရှိဘူးဆိုတာ သိသာနေပါတယ်။
Ref : interestingengineering