Mercedes က ဇန်နဝါရီလမှာ Vision EQXX Concept လျှပ်စစ်ကားကို ပြသခဲ့ပြီး တည်ဆောက်ဖူးသမျှ လျှပ်စစ်ကားတွေထဲမှာ စွမ်းရည် အမြင့်မားဆုံး ဖြစ်ကာ ၁ ခါအားအပြည့်သွင်းထားရင် ကီလိုမီတာ ၁၀၀၀ (၆၂၁ မိုင်) မောင်းနှင်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
အခုတော့ ကုမ္ပဏီက အဲဒါကို သက်သေပြလိုက်ပါတယ်။ Mercedes ဟာ အဲဒီကားနဲ့ ၁၀၀၈ ကီလိုမီတာ မောင်းနှင်ပြလိုက်ပါတယ်။ ဥရောပ နိုင်ငံတလွှားမှာ မောင်းနှင်ပြလိုက်တာ ဖြစ်ပြီး ဂျာမနီကနေ ခရီး စတင်ကာ အဲဒီနောက်မှာ အီတလီ၊ ဆွစ်ဇာလန် နိုင်ငံတွေကို ဖြတ်သန်းသွားခဲ့ကာ ခရီးပန်းတိုင် ဖြစ်တဲ့ French Riviera မှ Cassis ကို ရောက်ရှိခဲ့ပါတယ်။ ခရီးစဉ်ဟာ ၁၂ နာရီ ကြာမြင့်ပြီး ပျမ်းမျှ 87.4km/h အမြန်နှုန်းနဲ့ မောင်းနှင်ခဲ့ပါတယ်။
ကားရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်ဖို့အတွက် Mercedes ဟာ သမာန် မီးပွိုင့်တွေ၊ အဝေးပြေးလမ်းတွေနဲ့ တောင်တွေကို ဖြတ်သန်းကာ မောင်းနှင်ခဲ့ပါတယ်။ ရာသီဥတုကလည်း ၃ ကနေ ၈ ဒီဂရီ ဆဲလ်ဆီးယပ်စ်ရှိတဲ့ တည်နေရာတွေကို ရွေးချယ်ခဲ့ပါတယ်။
ခရီးစဉ် အဆုံးမှာ ကားဟာ ၁၄၀ ကီလိုမီတာ အကွာအဝေးကို မောင်းနှင်နိုင်ပါသေးတယ်။ အနီးဆုံး အားသွင်းစက်ရှိတဲ့ တည်နေရာကို မောင်းနှင်ဖို့ လုံလောက်ပြီး အားဖြည့်ပြီးနောက် မူလ ခရီးစဉ် စတင်တဲ့ တည်နေရာကို ပြန်လည် မောင်းနှင်နိုင်ပါသေးတယ်။
ကုမ္ပဏီက စွမ်းအင် စားသုံးမှုဟာ စံချိန်တင် နည်းပါးပြီး ၁၀၀ ကီလိုမီတာကို 8.7kWh ပဲရှိတယ်လို့ ပြောပါတယ်။ လျှပ်စစ်ကား ၁ စီးရဲ့ ပျမ်းမျှ စွမ်းအင် စားသုံးမှုနှုန်းဟာ ၁၀၀ ကီလိုမီတာကို 21kWh ရှိပါတယ်။ ကားရဲ့ ခေါင်မိုးမှာ တပ်ထားတဲ့ Solar Roof ကလည်း ကီလိုမီတာ ၁၀၀၀ ခရီးစဉ်မှာ ၂၅ ကီလိုမီတာကို ထပ်ပေါင်းဖြည့်ပေးနိုင်ပါတယ်။
Ref : tnw