5G နဲ့ A15 Bionic Chip ပါတဲ့ iPhone SE 2022 ကို ကြေညာ

Apple က iPhone Series ထဲမှာ တန်ဖိုးအနည်းဆုံး iPhone SE 2022 ကို ကြေညာလိုက်ပါတယ်။ iPhone SE 2022 ဟာ တတိယမျိုးဆက် ဖြစ်ပြီး iPhone 13 Series မှာပါတဲ့ စွမ်းရည်မြင့် A15 Bionic Chipset မောင်းနှင်ထားပါတယ်။ 5G ဆက်သွယ်မှု ထောက်ပံ့ထားပြီး ဒီဇိုင်းက ၂၀၂၀ ထုတ် iPhone SE နဲ့ တူတဲ့အတွက် ဒိတ်အောက်နေပါတယ်။

iPhone SE (2022)

အနောက်ဘက်ကို မှန်နဲ့ ဖုံးအုပ်ထားပြီး ဘယ်ဘက်အထက်မှာ 12MP ကင်မရာ ၁ လုံးထဲ တပ်ဆင်ထားပါတယ်။ ၄.၇ လက်မ မျက်နှာပြင် ပါလာပြီး အထက်နဲ့ အောက်က ဘောင်တွေက ထူထဲတာကြောင့် ဒိတ်အောက်တဲ့ ဒီဇိုင်းလို့ ပြောရမှာပါ။ Apple က စမတ်ဖုန်းတွေထဲမှာ အမာကျောဆုံး မှန်လို့ ပြောတဲ့ Ceramic Shield ကို အရှေ့နဲ့ အနောက်ဘက်မှာ ကာကွယ်ထားပါတယ်။ မျက်နှာပြင်အောက်က Home Button မှာ Touch ID လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

A15 Bionic Chip ကြောင့် ဘက်ထရီ သက်တမ်း ပိုကောင်းလာပြီး IP67 ရေစိုခံစံနှုန်း ထောက်ပံ့ထားပါတယ်။ MagSafe Charging ပါလာမယ်လို့ သတင်းထွက်ခဲ့ပေမယ့် မပါလာပါဘူး။ ဒါပေမယ့် Qi Wireless Charging ထောက်ပံ့ထားပါတယ်။

iPhone SE (2022)

iPhone SE 2022 အတွက် 64GB, 128GB နဲ့ 256GB Storage တွေ ထုတ်လုပ်ထားပြီး Midnight, Starlight နဲ့ Product Red အရောင်တွေ ရွေးချယ်နိုင်ပါတယ်။ 64GB Version ကို ၄၂၉ ဒေါ်လာ သတ်မှတ်ထားပြီး ၇၆၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။ မတ်လ ၁၁ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး မတ်လ ၁၈ ရက်နေ့မှာ နိုင်ငံပေါင်း ၃၀ အတွက် ရောင်းချမှာပါ။

ref : gizmochina

%d bloggers like this: