Elon Musk က Starlink ဂြိုလ်တု အင်တာနက်ကို ယူကရိန်းအတွက် ဖွင့်ပေးလိုက်ပြီ

SpaceX တည်ထောင်သူ Elon Musk က Starlink ဂြိုလ်တု အင်တာနက်ကို ယူကရိန်းအတွက် ဖွင့်ပေးလိုက်ပြီလို့ စနေနေ့က တွစ်တာမှာ ကြေညာလိုက်ပါတယ်။ ယူကရိန်း အစိုးရက ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ယူကရိန်းရဲ့ အင်တာနက်တွေ ပြတ်တောက်သွားတဲ့အတွက် Starlink ဂြိုလ်တု အင်တာနက်ကို ပံ့ပိုးပေးဖို့ Musk ကို တိုက်ရိုက် အကူအညီ တောင်းလိုက်ပြီးနောက်မှာ Musk က အခုလို လုပ်ပေးလိုက်တာပါ။

ယူကရိန်း ဒုတိယ ဝန်ကြီး Mykhailo Fedorov က “ Musk ရေ။ သင် အင်္ဂါဂြိုလ်ကို နယ်ချဲ့ဖို့ ကြိုးစားနေချိန်မှာ ရုရှားတွေက ယူကရိန်းကို သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။ သင့် ဒုံးပျံတွေ အာကာသ ကနေ ကမ္ဘာမြေကို အောင်မြင်စွာ ဆင်းသက်နေချိန်မှာ ရုရှားရဲ့ ဒုံးပျံတွေက ယူကရိန်း ပြည်သူတွေကို တိုက်ခိုက်နေပါတယ်။ ယူကရိန်းကို Starlink ဂြိုလ်တု အင်တာနက် ပံ့ပိုးပေးဖို့ သင့်ကို တောင်းဆိုလိုက်ပါတယ်။ “ လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

အဲဒီ ပို့စ်တင်ပြီးနောက် ၁၀ နာရီအကြာမှာပဲ Musk က တောင်းဆိုမှုကို ပြုလုပ်ပေးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ ယူကရိန်းမှာ Starlink ဂြိုလ်တု အင်တာနက်ကို ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မလဲဆိုတာ မသိရသေးပါဘူး။ Musk ရဲ့ အကူအညီကို ကျေးဇူးတင်ကြောင်း ယူကရိန်းနဲ့ တရားဝင် တွစ်တာ အကောင့်ကနေ တုန့်ပြန်ခဲ့ပါတယ်။

SpaceX ရဲ့ Starlink ဟာ ကမ္ဘာပတ်လမ်းကြောင်းက ဂြိုလ်တုတွေကနေ တစ်ဆင့် တစ်ကမ္ဘာလုံးကို မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှုပေးဖို့ ဖန်တီးထားတာဖြစ်ပြီး လက်ရှိမှာ ဂြိုလ်တုပေါင်း ၁,၅၀၀ ကျော် ရှိပါတယ်။ SpaceX ဟာ အရေးပေါ်လိုအပ်နေတဲ့ နေရာတွေမှာ Starlink ဂြိုလ်တု အင်တာနက်ကို ပံ့ပိုးကူညီပေးနေပါတယ်။ ပြီးခဲ့တဲ့ လကပဲ တွန်ဂါမှာ မီးတောင် ပေါက်ကွဲမှုကြောင့် အင်တာနက် ပြတ်တောက်ခဲ့တဲ့အတွက် Musk က ဂြိုလ်တု အင်တာနက် ပံ့ပိုးပေးခဲ့ပါတယ်။

Ref : businessinsider

%d bloggers like this: