ယူကရိန်းဟာ ဆိုက်ဘာ တိုက်ခိုက်မှုတွေ တရစပ် ခံနေရပြီး အစိုးရက မကြုံဖူးတဲ့ တိုက်ခိုက်မှုတွေလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ယူကရိန်း ဝန်ကြီးဌာနတွေနဲ့ ဘဏ်တော်တော်များများရဲ့ ဝက်ဘ်ဆိုက်တွေဟာ အသုံးပြုလို့ မရခဲ့ပါဘူး။
တစ်ချိန်ထဲမှာပဲ ယူကရိန်း အစိုးရ အဖွဲ့အစည်းတွေရဲ့ ကွန်ပြူတာတွေမှာ ဒေတာတွေ ဖျက်ဆီးတဲ့ Malware တွေကို တွေ့ရှိခဲ့ပါတယ်။ အခု ယူကရိန်း တိုက်ခိုက်ခံရမှုဟာ ဒီနှစ်ထဲမှာဆိုရင် ၃ ကြိမ်မြောက် ဖြစ်ပြီး အဆင့်အမြင့်ဆုံးလို့ ပြောကြပါတယ်။
အင်တာနက် ဆက်သွယ်ရေး ကုမ္ပဏီ NetBlocks က အခုနောက်ဆုံး တိုက်ခိုက်မှုဟာ ဗုဒ္ဓဟူးနေ့က စတင်ခဲ့တာ ဖြစ်ပြီး DDoS တိုက်ခိုက်မှုလို့ ပြောပါတယ်။ DDoS ဟာ Request များစွာကို ပြုလုပ်ခြင်းဖြင့် ဝက်ဘ်ဆိုက်တွေ Down သွားအောင် တိုက်ခိုက်တာ ဖြစ်ပါတယ်။
ဆိုက်ဘာ လုံခြုံရေး ကုမ္ပဏီ ESET နဲ့ Symantec က Wiper Malware ကို အသုံးပြုထားတဲ့ တိုက်ခိုက်မှု ပုံစံအသစ်ကို တွေ့ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ယူကရိန်းက ကွန်ပြူတာ ရာပေါင်းများစွာမှာ အဲဒီ Malware ကို ထည့်သွင်းထားတယ်လို့ ESET က ပြောပါတယ်။
ယူကရိန်းကို ဆိုက်ဘာ တိုက်ခိုက်မှုတွေရဲ့ လက်သည် တရားခံကို မသိရသေးပေမယ့် အမေရိကန်နဲ့ ဗြိတိန်ကတော့ ရုရှားကြောင့်လို့ စွပ်စွဲထားပါတယ်။ ရုရှားကတော့ မဟုတ်မမှန်ဘူးလို့ ငြင်းဆိုထားပါတယ်။
Ref : bbc