Counterpoint Research ရဲ့ နောက်ဆုံး စစ်တမ်းအရ ကမ္ဘာ့ စမတ်ဖုန်းဈေးကွက်မှာ ရောင်းအား အကောင်းဆုံး ကုမ္ပဏီ ၃ ခုက Apple , Samsung နဲ့ Xiaomi တို့ ဖြစ်ပြီး Xiaomi ဟာ နံပါတ် ၃ နေရာမှာ ရှိနေပါတယ်။ Xiaomi ရဲ့ စွမ်းရည်သင့်နဲ့ တန်ဖိုးနည်း ဖုန်းတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူကြိုက်အရမ်းများပါတယ်။ ဒါပေမယ့် Xiaomi ဟာ တန်ဖိုးနည်း ဖုန်းတွေပဲ ထုတ်လုပ်တဲ့ ကုမ္ပဏီ မဟုတ်ပါဘူး။
Xiaomi ရဲ့ စီအီးအို Lei Jun က ဝီဘိုမှာ ကုမ္ပဏီရဲ့ အစီအစဉ် တချို့ကို မကြာခင်က မျှဝေလိုက်ပြီး စွမ်းရည်မြင့် ဖုန်း ဈေးကွက်မှာ Apple ကို အနိုင်ယူမယ်လို့ ကြုံးဝါးလိုက်ပါတယ်။ သူက Apple နဲ့ သူသေကိုယ်သေ တိုက်ခိုက်မယ့် စစ်ပွဲလို့ စိန်ခေါ်ထားပြီး ကမ္ဘာ့ နံပါတ် ၁ စမတ်ဖုန်း ရောင်းအား အကောင်းဆုံး ဖြစ်လာဖို့ ရည်မှန်းထားပါတယ်။
Jun က Xiaomi ဟာ နောက် ၅ နှစ်အတွင်း သုတေသနနဲ့ ဖွံ့ဖြိုးမှု လုပ်ငန်းတွေမှာ ယွမ် ၁၀၀ ဘီလီယမ် ( ဒေါ်လာ ၁၅.၇၁ ဘီလီယမ်) ရင်းနှီးမြှပ်နှံဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ စွမ်းရည်မြင့် စမတ်ဖုန်း ဈေးကွက်မှာ ပြိုင်ဖက်တွေကို အနိုင်ယူဖို့ အစီအစဉ်တွေ ဖြစ်ပါတယ်။
Huawei ဟာ ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်မှာ အောင်မြင်ခဲ့ပေမယ့် အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုကြောင့် လုပ်ငန်း ကျဆင်းခဲ့ပါတယ်။ Apple ဟာ Huawei ရဲ့ နေရာကို လုယူခဲ့ပြီး Xiaomi ကလည်း Apple ကို လိုက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
Ref : phonearena