ကမ္ဘာ့ ပထမဆုံး မောင်းသူမဲ့ သင်္ဘော စနစ်ကို ဂျပန်မှာ ဒီလ ၁၇ ရက်နေ့က စမ်းသပ်အောင်မြင်ခဲ့ပါတယ်။ အရွယ်အစားကြီးမားတဲ့ သင်္ဘောကို 26 knots ( 30 mph) အမြန်နှုန်းနဲ့ ဂျပန်က အိုင်ယွန်ဒါ ပင်လယ်မှာ ၁၄၉ မိုင်ကျော် အလိုအလျှောက် မောင်းနှင်ပြခဲ့တာဖြစ်ပါတယ်။
အဲဒီ မောင်းသူမဲ့ သင်္ဘော နည်းပညာကို Nippon Foundation ရဲ့ ကုမ္ပဏီခွဲ Mitsubishi Shipbuilding က ဖန်တီးထားတာ ဖြစ်ပြီး Shin Nihonkai Ferry Somany ရဲ့ Soleil အမည်ရ ၇၂၈ ပေ အရှည်ရှိ မော်တော်ယာဉ် တင်ဆောင်တဲ့ သင်္ဘောမှာ အသုံးပြုခဲ့တာပါ။
အခု သရုပ်ပြမှုဟာ Nippon Foundation ရဲ့ MEGURI 2040 Fully Autonomous Vessel Navigation System Project ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ Nippon Foundation ဟာ အဲဒီ စီမံကိန်းကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး နည်းပညာမြင့် မောင်းသူမဲ့ သင်္ဘောတွေ ဖန်တီးဖို့ ဖြစ်ပါတယ်။
မောင်းသူမဲ့ သင်္ဘော နည်းပညာကို ကမ္ဘာ့နာမည်ကြီး ကားကုမ္ပဏီတွေနဲ့ နည်းပညာ ကုမ္ပဏီတွေကလည်း ဖန်တီးနေပါတယ်။ တန်ဖိုးကြီးကား ထုတ်လုပ်သူ Rolls Royce ဟာ လူ့ အကူအညီ လုံးဝ မလိုတဲ့ မောင်းသူမဲ့ ကုန်တင် သင်္ဘောတွေကို ၂၀၂၅ ခုနှစ်မှာ ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။ IBM ကလည်း မောင်းသူမဲ့ သင်္ဘော Mayflower ကို ၂၀၁၉ ခုနှစ်က အတ္တလန်တစ် သမုဒ္ဒရာမှာ မောင်းနှင်ဖို့ ကြိုးစားခဲ့ပေမယ့် စက်မှုပိုင်းဆိုင်ရာ ပြဿနာကြောင့် မအောင်မြင်ခဲ့ပါဘူး။
Ref : interestingengineering