အင်ဂျင်နီယာ အဖွဲ့ ၁ ခုက သမားရိုးကျ Face Mask တွေကို စမတ် Face Mask အဖြစ် ပြောင်းလဲနိုင်တဲ့ နည်းပညာကို တီထွင်လိုက်ပါတယ်။ အဲဒီ စမတ် Face Mask က အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းတွေကို တိုင်းတာပေးနိုင်တဲ့ အပြင် ကိုဗစ် ကူးစက်မှု မခံရအောင် Mask ဟာ Fit ဖြစ်သလားဆိုတာကိုပါ စစ်ဆေးပေးနိုင်ပါတယ်။
Northwestern University က အဖွဲ့ ၁ ခုက စမတ် ဆန်ဆာကို တီထွင်လိုက်တာ ဖြစ်ပြီး သမားရိုးကျ Mask တွေမှာ တပ်ဆင်နိုင်ပါတယ်။ တစ်နည်းအားဖြင့် ရိုးရိုး Face Mask တွေကို ကျန်းမာရေး စောင့်ရှောက်ပေးတဲ့ စမတ် Face Mask အဖြစ် အသွင်ပြောင်းပေးနိုင်တာပါ။ N95 ၊ အဝတ် Mask နဲ့ Surgical Mask တွေမှာ သံလိုက်နဲ့ စမတ် ဆန်ဆာကို တပ်ဆင်ရမှာ ဖြစ်ပြီး စမတ် ဆန်ဆာက အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းနဲ့ Mask ဝတ်ဆင်ထားတဲ့ အချိန်တွေကို တွက်ချက်ပေးနိုင်ပါတယ်။ Apple Watch လိုပဲ နှလုံးခုန်နှုန်း ပုံမှန် မဟုတ်ရင် ဝတ်ဆင်သူကို စမတ်ဖုန်း App ကနေ Notification နဲ့ သတိပေးနိုင်ပါတယ်။
အဲဒီ စမတ် ဆန်ဆာကို FaceBit လို့ နာမည်ပေးထားပြီး “Fitbit for the face” လို့ ညွှန်းဆိုထားပါတယ်။ စီမံကိန်း ခေါင်းဆောင် Josiah Hester က “ နှလုံးဟာ ခန္တာကိုယ် အနှံ့ကို သွေးတွေ ပို့ဆောင်ပေးနေပြီး တွန်းအား အရမ်းကြီးမားပါတယ်။ မျက်နှာကို ရောက်လာတဲ့ သွေးတွန်းအားကို ဆန်ဆာက ထောက်လှမ်းနိုင်ပြီး နှလုံးခုန်နှုန်းကို တွက်ချက်ပေးတာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။ ဆန်ဆာမှာ အရွယ်သေး ဘက်ထရီ ၁ လုံး တပ်ဆင်ထားပြီး တီထွင်သူတွေက ဝတ်ဆင်သူရဲ့ အသက်ရှူတဲ့ တွန်းအား၊ လှုပ်ရှားမှု၊ အသက်ရှူထုတ်လိုက်တဲ့ အပူချိန်နဲ့ နေရောင်ခြည်ကနေ စွမ်းအင် ရရှိအောင် အနာဂတ်မှာ တီထွင်ဖို့ စဉ်းစားထားပါတယ်။
FaceBit ကို ဆေးရုံ၊ ဆေးခန်းတွေမှာ စမ်းသပ်ဖို့နဲ့ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရရှိဖို့ လိုအပ်နေပါသေးတယ်။ တီထွင်သူ အဖွဲ့က အထူးသဖြင့် ကိုဗစ် ကပ်ရောဂါကို ရှေ့တန်းက တိုက်ခိုက်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် FaceBit က အသုံးဝင်မယ်လို့ ပြောပါတယ်။
Ref : screenrant