ဂျပန် ဆက်သွယ်ရေး အော်ပရေတာ KDDI ၊ Drone ထုတ်လုပ်သူ PRODRONE နဲ့ ရေအောက် စက်ရုပ် တီထွင်တဲ့ QYSEA တို့က ဝေဟင်မှာရော ရေပြင်မှာပါ ပျံသန်း မောင်းနှင်နိုင်တဲ့ ကမ္ဘာ့ ပထမဆုံး Drone ကို ပြသလိုက်ပါတယ်။ Sea-Air Integrated Drone လို့ နာမည်ပေးထားပြီး အဲဒီ Drone ကို ယိုကိုဟားမားက Hakkeijima Sea Paradise မှာ သရုပ်ပြ စမ်းသပ်ခဲ့ပါတယ်။ Drone မှာ ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းထားပြီး ရေအောက် စူးစမ်းလေ့လာရေး လုပ်ငန်းတွေမှာ အသုံးချနိုင်ပါတယ်။ ရေအောက် သာမကဘဲ မြေပြင်နဲ့ ဝေဟင်တွေမှာလည်း အသုံးချနိုင်ပါတယ်။
Drone မှာ ရေအောက်ကို စူးစမ်းလေ့လာနိုင်တဲ့ Fifish Pro V6 Plus ROV အမည်ရ Drone အသေးစားလေးလည်း ထည့်သွင်းထားပြီး အဲဒီ Drone ငယ်လေးကို အဝေးကနေ Remote Control နဲ့ထိန်းချုပ်မောင်းနှင်နိုင်ပါတယ်။
Fifish ရဲ့ ကင်မရာကနေ ရေအောက်မြင်ကွင်းတွေကို ထိန်းချုပ်သူတွေက တိုက်ရိုက် ကြည့်ရှုနိုင်ပြီး ရေအောက်က စက်ပစ္စည်း၊ အဆောက်အဦးတွေရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေကို ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ရေအောက်မှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ပြုလုပ်ပေးနိုင်သလို တခြားအလုပ်များစွာအတွက်လည်း အသုံးချနိုင်ပါတယ်။
KDDI ဟာ အဲဒီ Drone စီမံကိန်းကို ပြုလုပ်နေတာ ၆ နှစ်ကြာပြီ ဖြစ်ပြီး ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။
Ref : inceptivemind