တူရကီက လယ်သမား ၁ ယောက်ဟာ စိမ်းစိမ်းစိုစို မြင်ကွင်းတွေကို ပြသပေးခြင်းဖြင့် နွားတွေကို စိတ်ပျော်ရွှင်အောင် Virtual Reality Headset တွေ တပ်ဆင်ပေးထားပါတယ်။ သာယာနာပျော်ဖွယ် မြင်ကွင်းတွေကို တွေ့ရရင် နွားတွေဟာ စိတ်ဖိစီးမှု နည်းပြီး နွားနို့ ပိုထွက်တယ်ဆိုတဲ့ သုတေသန စစ်တမ်း ၁ ခုကို တွေ့ရှိပြီးနောက်မှာ Izzet Kocak ဟာ သူ့ရဲ့ နွား ၂ ကောင်မှာ VR Headset တွေ တပ်ဆင်ပေးခဲ့တာပါ။
အဲဒီ နည်းလမ်းက အလုပ်ဖြစ်တယ်လို့ ပြောရမှာ ဖြစ်ပြီး ပုံမှန်ဆိုရင် တစ်ရက်ကို နွားနို့ ၂၂ လီတာထွက်ခဲ့ရာကနေ Headset တပ်ဆင်ပြီးနောက်မှာ တစ်ရက်ကို ၂၇ လီတာ နို့ထွက်တိုးလာပါတယ်။ Kocak က “ နွားတွေဟာ တင်းကုပ်မှာပဲ ပိတ်လှောင်ခံထားရတာပါ။ VR Headset ကနေ လှပတဲ့ စိမ်းစိမ်းစိုစို မြက်ခင်းပြင်တွေကို ပြသပေးခြင်းဖြင့် နွားတွေကို ပျော်ရွှင်စေပြီး နို့အထွက် တိုးလာစေပါတယ်။ “ လို့ ပြောပါတယ်။ သူဟာ နွားတွေ စိတ်ပျော်အောင် အရင်ကတော့ Classical ဂီတတွေကို ဖွင့်ပြလေ့ရှိခဲ့ပါတယ်။
Kocak က “ ရုရှားမှာ နွားတွေကို VR Headset တွေ တပ်ဆင်ပေးထားပါတယ်။ ကျွန်တော့်ရဲ့ လုပ်ငန်းမှာလည်း အဲဒါကို စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အရင်ဆုံး နွား ၂ ကောင်မှာ တပ်ဆင်ပေးခဲ့ပြီး ရလာဒ်ကို ၁၀ ရက်ကြာ စောင့်ကြည့်ခဲ့ပါတယ်။ Headset တပ်ဆင်ထားတဲ့ နွားတွေရဲ့ နို့ အရည်အသွေးရော၊ အရေအတွက်ပါ တိုးတက်လာတာကို တွေ့ခဲ့ရပါတယ်။ “ လို့ ပြောပါတယ်။
အဲဒီ VR Headset ကို တိရိစ္ဆာန် အထူးကု ဆရာဝန်တွေနဲ့ Developer တွေ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပြီး ရုရှားနိုင်ငံ မော်စကိုမှာ စတင် စမ်းသပ်ခဲ့တာပါ။ မော်စကိုက စိုက်ပျိုး မွေးမြူရေးနဲ့ အစားအစာ ဝန်ကြီးဌာနရဲ့ သုတေသန စစ်တမ်းအရ အဲဒီ Headset တွေဟာ နွားတွေရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး စိတ်ပျော်ရွှင်စေတယ်လို့ သိရပါတယ်။ အဲဒီအတွက် နွားတွေရဲ့ ကျန်းမာရေး ပိုကောင်းလာသလို နို့ အရည်အသွေးနဲ့ အရေအတွက် မြင့်မားလာစေပါတယ်။
Ref : inceptivemind