Facebook နဲ့ Twitter တို့ကို ယှဉ်ပြိုင်မယ့် Donald Trump ရဲ့ Truth Social ကို နောက်လမှာ ဖြန့်ချိတော့မယ်လို့ထင်ရပါတယ်။ Apple App Store မှာ Truth Social App ကို နောက်လ ၂၁ ရက်နေ့ ဖြန့်ချိမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ App ကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဖြန့်ချိဖို့ စီစဉ်ထားခဲ့ပေမယ့် မဖြစ်လာခဲ့ပါဘူး။ နောက်လ စတင် ဖြန့်ချိချိန်မှာ လူတိုင်း သုံးနိုင်မလား၊ Invite-only နဲ့ပဲ သုံးနိုင်မလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Donald Trump ထောက်ခံသူတွေဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ အမေရိကန် လွှတ်တော်ကို အကြမ်းဖက်ခဲ့ကြပြီး အဲဒီလို ဖြစ်အောင် Trump ဟာ လူမှုကွန်ရက်တွေမှာ သွေးထိုးလှုံ့ဆော်တဲ့ စကားတွေကို မျှဝေနေခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ Facebook နဲ့ Twitter တို့က သူ့ကို Ban ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Trump ရဲ့ Follower တွေဟာ Twitter မှာ ၈၉ သန်းနဲ့ Facebook မှာ ၂၄.၅ သန်းတောင် ရှိခဲ့ပါတယ်။ Trump က အဲဒါကို မကျေနပ်တဲ့အတွက် Truth Social အမည်ရ ကိုယ်ပိုင် လူမှုကွန်ရက် ၁ ခု တည်ထောင်မယ်လို့ ပြီးခဲ့တဲ့နှစ် အစောပိုင်းကတည်းက ကြုံးဝါးခဲ့တာ ဖြစ်ပါတယ်။
Truth Social လူမှုကွန်ရက်ကို Trump Media & Technology Group က စီမံခန့်ခွဲမှာ ဖြစ်ပါတယ်။ Truth Social မှာ အမည်မဖော်ပြတဲ့ ရင်းနှီးမြှပ်နှံသူ အဖွဲ့အစည်း ၁ ခုက ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဒေါ်လာ ၁ ဘီလီယမ် ရင်းနှီးမြှပ်နှံခဲ့ပါတယ်။
“ Trump Media & Technology Group ဟာ နည်းပညာ ကုမ္ပဏီတွေရဲ့ မတရားမှုတွေကို တိုက်ဖျက်ဖို့ ပိုအားကောင်းတဲ့ နေရာကို ရလာတော့မှာ ဖြစ်ပါတယ်။ “ လို့ ဒေါ်လာ ၁ ဘီလီယမ် ရင်းနှီးမြှပ်နှံမှု ရရှိတဲ့အပေါ် Trump က ပြောခဲ့ပါတယ်။ Facebook နဲ့ Twitter တို့လို နည်းပညာ ကုမ္ပဏီတွေက သူ့ကို Ban ထားတာကို အစာမကြေ ဖြစ်နေတဲ့ သဘောလည်း ရည်ညွှန်းပြောဆိုသွားခဲ့တာပါ။ Trump ရဲ့ Truth Social ဟာ Facebook နဲ့ Twitter တို့ကို ဘယ်လို ယှဉ်ဖိုက်မလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါပြီ။
Ref : tnw
You must log in to post a comment.