NASA က သမိုင်းတွင်မယ့် James Webb အာကာသ မှန်ပြောင်းကို အောင်မြင်စွာ လွှတ်တင်

ခရစ်စမတ်နေ့ မနက်ခင်းမှာ NASA က အာကာသကို စူးစမ်းလေ့လာမယ့် James Webb အာကာသ မှန်ပြောင်းကို အာကာသထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ European Ariane 5 ဒုံးပျံနဲ့ လွှတ်တင်ခဲ့တာ ဖြစ်ပြီး NASA ရဲ့ ဆယ်စုနှစ်တွေအတွင်း သမိုင်းတွင်တဲ့ အောင်မြင်မှုတွေထဲက ၁ ခု ဖြစ်ပါတယ်။ NASA ဟာ အဲဒီ အာကာသ မှန်ပြောင်းနဲ့ စကြာဝဠာရဲ့ အစကို လေ့လာဖို့ ရည်ရွယ်ထားပါတယ်။

NASA က အာကာသမှန်ပြောင်း လွှတ်တင်တာကို အွန်လိုင်းမှာ တိုက်ရိုက်ပြသခဲ့ပြီး အစီအစဉ် တင်ဆက်သူ Rob Navias က “ မိုးသစ်တောတွေကနေ အချိန်ရဲ့ အစတွေကို အာကာသမှန်ပြောင်းနဲ့ လေ့လာမှာ ဖြစ်ပါတယ်။ စကြာဝဠာရဲ့ အစကို လေ့လာဖို့ အထိတောင် ရည်မှန်းထားပါတယ်။ “ လို့ ပြောပါတယ်။

အာကာသမှန်ပြောင်းကို အာကာသထဲ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပေမယ့် စိန်ခေါ်မှုများစွာ ရှိနေပါသေးတယ်။ နောက်လထဲမှာ အာကာသမှန်ပြောင်း တပ်ဆင်ထားတဲ့ ယာဉ်ဟာ ကမ္ဘာမြေအထက် မိုင် ၁ သန်းမှာ ရှိတဲ့ နောက်ဆုံး တည်နေရာကို သွားမှာ ဖြစ်ပြီး လမ်းခရီးတစ်လျှောက်မှာ အာကာသမှန်ပြောင်းဟာ တစ်ဖြည်းဖြည်း ပွင့်ထွက်လာကာ အသုံးပြုလို့ရတဲ့ အနေအထားကို ပြောင်းလဲသွားမှာပါ။

အာကာသ မှန်ပြောင်းဟာ ဂြိုလ်သား ကမ္ဘာတွေ၊ တွင်းနက်တွေ၊ နဂါးငွေ့တန်းတွေ၊ ကြယ်တွေကို လေ့လာမှာ ဖြစ်ပါတယ်။ အရင်က မမြင်ဖူးသေးတဲ့ အံ့အားသင့်စရာ အရာတွေကိုတောင် မြင်လာရနိုင်ပါတယ်။ အာကာသမှန်ပြောင်း တီထွင်တဲ့ အဖွဲ့ထဲက သိပ္ပံပညာရှင် တစ်ယောက်က “ မှန်ပြောင်းကနေ ဖမ်းယူထားတဲ့ ဓါတ်ပုံတွေနဲ့ ကမ္ဘာကြီးကို အံ့အားသင့်အောင် ပြုလုပ်ချင်ပါတယ်။ အဲဒီ ဓါတ်ပုံတွေကို ကြည့်ရှုဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ “ လို့ ပြောပါတယ်။

Ref : theverge

%d bloggers like this: