Autopilot နဲ့ မောင်းခိုင်းထားပြီး Tesla ကားပေါ်မှာ ကလေးမွေးဖွားခဲ့တဲ့ အမျိုးသမီး

အမျိုးသမီး ၁ ယောက်ဟာ Autopilot နဲ့ မောင်းခိုင်းထားပြီး Tesla ကားပေါ်မှာ ကလေးမွေးဖွားခဲ့ပါတယ်။ အဲဒီ ထူးခြားတဲ့ ဖြစ်ရပ်ဟာ အမေရိကန် ပြည်ထောင်စု ဖီလာဒယ်လ်ဖီးယားမှာ ပြီးခဲ့တဲ့ စက်တင်ဘာလက ဖြစ်ပွားခဲ့တာပါ။

A Tesla Model 3 vehicle, flanked by two Model Y vehicles.

အသက် ၃၃ နှစ်အရွယ် ရီရန်ရှယ်ရီနဲ့ အသက် ၃၄ နှစ်အရွယ် ခင်ပွန်း ကီးတင်းရှယ်ရီတို့ဟာ အသက် ၃ နှစ်အရွယ် သားငယ်ကို Tesla ကားနဲ့ မူကြိုကျောင်းသွားပို့ကြတာ ဖြစ်ပါတယ်။ ကားမောင်းနေစဉ်မှာပဲ ရေမွှာပေါက်သွားခဲ့ပြီး လမ်းပိတ်နေတဲ့အတွက် ဆေးရုံကို အချိန်မီ မသွားနိုင်တော့ဘူးဆိုတာကို သိခဲ့ကြပါတယ်။

အဲဒီနောက်မှာ ခင်ပွန်း ဖြစ်သူက မိနစ် ၂၀ လောက်မောင်းရမယ့် ဆေးရုံ တည်နေရာကို သတ်မှတ်ကာ ကားကို Autopilot နဲ့ မောင်းခိုင်းခဲ့ပါတယ်။ ခင်ပွန်းသည်က လက်တစ်ဖက်နဲ့ စတီယာရင်ကို ဖွဖွကိုင်ထားကာ ဇနီးသည် ကလေးမွေးတာကို ကူညီနိုင်ခဲ့ပြီး သမီးငယ်လေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။

ဆေးရုံရောက်ချိန်မှာ ကလေးကို မွေးဖွားပြီးခဲ့ပြီ ဖြစ်ပြီး သူနာပြုတွေက ကားအရှေ့ခန်းမှာပဲ ကလေး ချက်ကြိုးကို ဖြတ်ပေးခဲ့ပါတယ်။ ကလေးမိခင်က ဒီထူးခြားတဲ့ ဖြစ်ရပ်ကြောင့် ဆေးရုံက သူနာပြုများစွာဟာ ကလေးကို လာကြည့်ကြတယ်လို့ ပြောပါတယ်။ သူနာပြုတွေက ကလေးငယ်ကို ချစ်စနိုးနဲ့ Tesla Baby လို့တောင် ခေါ်ခဲ့ကြပါတယ်။

မိဘတွေက Tesla ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကလေးနာမည်ကို Tess လို့ပေးဖို့ စဉ်းစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ Maeve Lily လို့ ပေးခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက ဒီလို ထူးခြားပြောင်မြောက်တဲ့ Autopilot နည်းပညာကို ဖန်တီးထားတဲ့ Tesla အင်ဂျင်နီယာတွေကို ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။

Ref : theguardian

%d bloggers like this: