ရုရှားက  ဂြိုလ်တု ၁ လုံးကို ဒုံးကျည်နဲ့ ပစ်ခတ် စမ်းသပ်

ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ရုရှားက ဂြိုလ်တု ၁ လုံးကို ကမ္ဘာမြေပြင်ကနေ ဒုံးကျည်နဲ့ ပစ်ခတ် စမ်းသပ်ခဲ့တဲ့အတွက် ကမ္ဘာပတ်လမ်းကြောင်းမှာ ဂြိုလ်တုရဲ့ အပျက်အဆီး အပိုင်းအစ ၁၅၀၀ လောက်ပြန့်ကြဲသွားခဲ့ပါတယ်။ အဲဒီ အပျက်အဆီးတွေဟာ နိုင်ငံတကာ အာကာသစခန်း (ISS) အတွက် အန္တရာယ် ရှိနိုင်သလို အာကာသ စူးစမ်းလေ့လာရေးကိုလည်း နှစ်များစွာကြာ အနှောင့်အယှက် ဖြစ်နိုင်တယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။

The International Space Station (ISS) photographed by Expedition 56 crew members from a Soyuz spacecraft after undocking, October 4, 2018. NASA/Roscosmos/Handout via REUTERS/File Photo

ISS မှာ အာကာသယာဉ်မှူး ၇ ဦးရှိပြီး အမေရိကန် ၄ ယောက်၊ ဂျာမနီက ၁ ယောက်နဲ့ ရုရှားက ၂ ယောက်ဖြစ်ပါတယ်။ ရုရှားရဲ့ ဒုံးကျည်နဲ့ ပစ်ခတ်မှုအပြီး သူတို့အားလုံးကို ISS က လုံခြုံတဲ့ အခန်းမှာ ရှောင်နေဖို့ NASA က ညွှန်ကြားခဲ့ပါတယ်။ NASA အကြီးအကဲ Bill Nelson က အာကာသယာဉ်မှူးတွေ လုံခြုံရေးအတွက် အဲဒီ အပျက်အဆီးတွေကို စောင့်ကြည့်စစ်ဆေးသွားမယ်လို့ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ရုရှားရဲ့ စမ်းသပ်မှုဟာ နောက်ဖြစ်လာမယ့် အကျိုုးဆက်တွေကို မစဉ်းစားသလို တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူးလို့ ရှုံ့ချပြောဆိုလိုက်ပါတယ်။ ပန်တဂွန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ John Kirby က အာကာသမှာ စည်းမျဉ်းစည်းကမ်းတွေ ပိုမို တင်းကြပ်ဖို့ လိုအပ်လာပြီဆိုတာ ဒီစမ်းသပ်မှုက ပြသနေပါတယ်လို့ ပြောပါတယ်။

Russia confirms it conducted anti-satellite missile test

အာကာသက ဂြိုလ်တုကို ဒီလို ဒုံးကျည်နဲ့ ပစ်ခတ်တာ ရုရှားက ပထမဆုံး မဟုတ်ပါဘူး။ ဂြိုလ်တုတွေ ရှားပါးနေသေးတဲ့ ၁၉၅၉ ခုနှစ်မှာ အမေရိကန်က ပထမဆုံး ပြုလုပ်ခဲ့တာပါ။ ဧပြီလမှာ ရုရှားက နောက်ထပ် စမ်းသပ်မှုကို လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ အိန္ဒိယကလည်း ကမ္ဘာပတ် လမ်းကြောင်း အနိမ့်ပိုင်းက ကိုယ်ပိုင် ဂြိုလ်တုကို ကမ္ဘာမြေပြင်ကနေ ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဆက်သွယ်ရေး၊ ရာသီဥတု ခန့်မှန်းခြင်းကနေ ဘဏ်လုပ်ငန်းတွေနဲ့ GPS ဝန်ဆောင်မှုတွေ အထိ စီးပွားရေး လုပ်ငန်းများစွာအတွက် အာကာသမှာ ဂြိုလ်တုတွေကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။ ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် ထွက်လာတဲ့ အပျက်အဆီးတွေဟာ အဲဒီ လုပ်ငန်းတွေကို ထိခိုက်သွားနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

Ref : reuters

%d bloggers like this: