Google ရဲ့ မိခင် ကုမ္ပဏီ Alphabet တန်ကြေးဟာ ဒေါ်လာ ၂ ထရီလီယမ် ရှိလာ

Alphabet ကုမ္ပဏီရဲ့ တန်ကြေးဟာ ဒေါ်လာ ၂ ထရီလီယမ် ရှိလာပြီး Google ရဲ့ မိခင် ကုမ္ပဏီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ တန်ကြေးဟာ အဲဒီ ပမာဏကို ရောက်လာတာ ဖြစ်ပြီး ရှယ်ယာ ၁ ခုရဲ့ ဈေးနှုန်းဟာ ၂,၉၈၇ ဒေါ်လာ ဖြစ်လာပါတယ်။ Alphabet ရဲ့ တန်ကြေးဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ဒေါ်လာ ၁ ထရီလီယမ် ရှိနေရာကနေ အခုတော့ ၂ ဆခုန်တက်ခဲ့တာပါ။

၂၀၂၁ ခုနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်းမှာ Alphabet ဟာ ဝင်ငွေ ဒေါ်လာ ၆၅.၁ ဘီလီယမ်ရခဲ့ပါတယ်။ ကုမ္ပဏီက ဝင်ငွေဟာ ၄၁ ရာခိုင်နှုန်း တက်လာပြီး အမြတ်ငွေဟာ ၆၉ ရာခိုင်နှုန်း မြင့်မားလာတယ်လို့ ပြောပါတယ်။ Google Search ရဲ့ အမြတ်ငွေဟာ အရင်ကွာတားဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်းမှာ ဒေါ်လာ ၃၅.၈ ဘီလီယမ်ရှိရာကနေ ကွာတား ၃ မှာ ၃၇.၉ ဘီလီယမ် ရှိလာပါတယ်။ Alphabet ရဲ့ လက်အောက် ကုမ္ပဏီ ၁ ခု ဖြစ်တဲ့ YouTube ဟာ ကွာတား ၃ မှာ အမြတ်ငွေ ၇.၂ ဘီလီယမ် ရခဲ့ပါတယ်။

ကပ်ရောဂါ ကာလမှာ ကုမ္ပဏီတွေဟာ နေအိမ်ကနေ အလုပ်လုပ်လာကြတဲ့အတွက် နည်းပညာ ကုမ္ပဏီတွေ စီးပွားရေး အရမ်း ကောင်းလာပါတယ်။ Google ဟာ Cloud Storage နဲ့ ဒစ်ဂျစ်တယ် ကြော်ငြာလုပ်ငန်းတွေကနေ ဝင်ငွေတိုးတက်လာခဲ့ပါတယ်။

ဒေါ်လာ ၂ ထရီလီယမ် တန်ကြေးရှိတဲ့ အမေရိကန် ကုမ္ပဏီတွေ ဖြစ်တဲ့ Apple နဲ့ Microsoft တို့ရဲ့ အနောက်ကို Alphabet လိုက်လာပြီ ဖြစ်ပါတယ်။ Apple ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလနဲ့ Microsoft ဟာ ဒီနှစ် ဇွန်လမှာ ဒေါ်လာ ၂ ထရီလီယမ် စံချိန်ကို တင်နိုင်ခဲ့တာပါ။ Amazon ကတော့ ဒေါ်လာ ၁.၇ ထရီလီယမ်နဲ့ အနောက်ကနေ လိုက်လာနေပါပြီ။

Ref : theverge

 

%d bloggers like this: