Elon Musk က လူတူ စက်ရုပ်ကို ဖန်တီးနေတယ်လို့ ပြော

‘Tesla AI Day’ မှာ ကုမ္ပဏီရဲ့ စီအီးအို Elon Musk က လူတူစက်ရုပ် Tesla Bot ကို ဖန်တီးနေတယ်လို့ ပြောပါတယ်။ လူသားတွေအတွက် အန္တရာယ်ရှိတဲ့ အလုပ်တွေ၊ ထပ်ခါတလဲလဲ လုပ်ရတဲ့ အလုပ်တွေနဲ့ ပျင်းစရာကောင်းတဲ့ အလုပ်တွေကို အဲဒီ လူတူ စက်ရုပ်က ပြုလုပ်ပေးနိုင်မယ်လို့ သိရပါတယ်။ အရပ် ၅ ပေ ၈ လက်မ ရှိပြီး ၁၂၅ ပေါင် အလေးချိန်ရှိပါတယ်။ တစ်နာရီကို ၅ မိုင်နှုန်းနဲ့ လမ်းလျှောက်နိုင်ပါတယ်။

စက်ရုပ်မှာ အလုပ်လုပ်နိုင်တဲ့ Electromechanical Actuators ပေါင်း ၄၀ တပ်ဆင်ထားပြီး လက်မောင်း၊ ခြေထောက်နဲ့ လက်မှာ ၁၂ ခုစီနဲ့ လည်ပင်း၊ ကိုယ်ထည်မှာ ၂ ခုစီ ထည့်သွင်းထားပါတယ်။ Autopilot ကင်မရာ ၈ လုံးနဲ့ အရေးကြီး သတင်းအချက်အလက်တွေပြသပေးတဲ့ Display ၁ ခု ပါလာမှာ ဖြစ်ပြီး အလိုအလျှောက် လမ်းလျှောက်နိုင်တဲ့ Full Self-Driving (FSD) ကွန်ပြူတာ တပ်ဆင်ထားပါတယ်။ Tesla ရဲ့ ကားတွေမှာ အသုံးပြုထားတဲ့ Tools တွေ ထည့်သွင်းထားပါတယ်။ Tesla Bot နမူနာ မော်ဒယ်ကို ၂၀၂၂ ခုနှစ်မှာ ကြေညာမှာ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ အစားအစာ ပို့ဆောင်ပေးတဲ့ စက်ရုပ်တွေ၊ ဆေးကုသပေးတဲ့ စက်ရုပ်တွေနဲ့ နေအိမ် တည်ဆောက်ပေးတဲ့ စက်ရုပ်တွေ အပါအဝင် လူသား အကျိုးပြု စက်ရုပ်များစွာကို ဖန်တီးထားကြပါတယ်။ ဒါပေမယ့် ဉာဏ်ရည်တု နည်းပညာ ပါတဲ့စက်ရုပ်တွေကို လူသားမျိုးနွယ်အား ဖျက်ဆီးဖို့ ဖန်တီးလာကြမှာကိုလည်း ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

Ref : fonearena

%d bloggers like this: