Apple Watch ရဲ့ နှလုံးခုန်နှုန်း ဆန်ဆာကြောင့် အသက်ချမ်းသာရာရသွားတဲ့ အမျိုးသမီး

Apple Watch နဲ့ တခြား Wearable Devices တွေဟာ လူတွေရဲ့ အသက်ကို ကယ်တင်ပေးတဲ့ ကိရိယာတွေ ဖြစ်လာပါပြီ။ နှလုံးခုန်နှုန်း တိုင်းတာတဲ့ ဆန်ဆာဟာ Apple Watch ရဲ့ အမိုက်ဆုံး လုပ်ဆောင်ချက်တစ်ခုပါ။ အဲဒီ ဆန်ဆာက ဝတ်ဆင်သူရဲ့ နှလုံးခုန်နှုန်းကို စဉ်ဆက်မပြတ် တိုင်းတာပေးပြီး နှလုံးဖောက်တော့မယ်ဆိုရင် ကြိုတင် သတိပေးနိုင်ပါတယ်။

Apple Watch ဟာ လူ့အသက်တွေကို ကယ်တင်ပေးခဲ့တဲ့ ဖြစ်ရပ်များစွာ ရှိခဲ့ပါတယ်။ အခုလည်း Apple Watch ရဲ့ နှလုံးခုန်နှုန်း ဆန်ဆာက အမေရိကန် ပြည်ထောင်စု မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အသက်ကို ကယ်တင်ပေးလိုက်ပါတယ်။ Diane Feenstra ဆိုသူ အမျိုးသမီးဟာ ပြင်းထန်စွာ နှလုံးဖောက်တော့မယ့် အန္တရာယ် မကျရောက်ခင် Apple Watch ရဲ့ နှလုံးခုန်နှုန်း ဆန်ဆာက သတိပေးနိုင်ခဲ့ပါတယ်။ နှလုံးဖောက်မယ့် နေ့က Apple Watch ဟာ တစ်မိနစ်လျှင် နှလုံးခုန်နှုန်း ၁၆၉ ရှိတယ်လို့ သတိပေးခဲ့တဲ့အတွက် သူမဟာ အမျိုးသားထံ ဖုန်းဆက်ခဲ့ပါတယ်။ အမျိုးသားက ဆရာဝန်ထံ ချက်ချင်း ဖုန်း ဆက်ခိုင်းခဲ့ပါတယ်။

အဲဒီနောက်မှာ သူမကို ဆေးရုံခေါ်သွားပြီးနောက် ECG က အလွန်ပြင်းထန်တဲ့ သွေးကြောပိတ်မှုကြောင့် နှလုံးဖောက်တော့မယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆေးရုံက သူမကို ဆေးဝါးကုသမှုပေးပြီးနောက် သက်သာသွားခဲ့ပါတယ်။ အဲဒီ စမတ်နာရီကို ခင်ပွန်းက သူမအား လက်ဆောင်ပေးခဲ့တာဖြစ်ပြီး အဲဒီလက်ဆောင်ကြောင့် အသက်ချမ်းသာရာရခဲ့တာပါ။

Apple Watch အပါအဝင် Smart Wearable Device တွေကို ကျန်းမာရေးနဲ့ ကိုယ်လက်ကြံ့ခိုင်ရေး Tools တွေအဖြစ် အသုံးပြုလာကြပါတယ်။ နှလုံးခုန်နှုန်း ဆန်ဆာအပြင် ဝတ်ဆင်သူရဲ့ ကျန်းမာရေး အခြေအနေကို တွက်ချက်ပေးနိုင်တဲ့ တခြား ဆန်ဆာများလည်း ထည့်သွင်းထားကြပါတယ်။ Apple Watch ရဲ့ Fall Protection လုပ်ဆောင်ချက်ကလည်း မကြာခင်က လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့ပါတယ်။ Apple ဟာ လူတွေရဲ့ အသက်ကို ကယ်တင်ဖို့နဲ့ ပြိုင်ဖက် ကုမ္ပဏီတွေကို အလဲထိုးဖို့ သူ့ရဲ့ စမတ်နာရီတွေမှာ အဲဒီလို လုပ်ဆောင်ချက်တွေကို ဆက်လက် ထည့်သွင်းပေးမှာပါ။

Ref : gizmochina

%d bloggers like this: