OnePlus Watch ကို ကြေညာဖို့ နီးနေပြီ

ကာလရှည်ကြာ သတင်းထွက်နေတဲ့ OnePlus Watch ကို အရိပ်အယောင် မတွေ့ရသေးပါဘူး။ OnePlus CEO နဲ့ ပူးတွဲ တည်ထောင်သူ ဖြစ်တဲ့ Pete Lau က အဲဒီ စမတ်နာရီကို ၂၀၂၁ အစောပိုင်း ရောင်းချမယ်လို့ တွစ်တာကနေ အရင်နှစ် ဒီဇင်ဘာလက အတည်ပြုခဲ့ပါတယ်။

အခုတော့ သူ့ကို Indian BIS (Bureau of Indian Standards) မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ သိပ်မလိုတော့ဘူးလို့ ထင်ပါတယ်။ အဲဒီမှာ W501GB နဲ့ W301GB မော်ဒယ်နံပါတ် ၂ မျိုးနဲ့ မှတ်ပုံတင်ထားပြီး WiFi Only Version နဲ့ LTE Version တို့ ဖြစ်နိုင်ပါတယ်။

အရင်သတင်းတွေအရ သူ့မှာ Google Wear OS ကို မသုံးထားဘူးလို့ သတင်းထွက်လာပါတယ်။ OnePlus ဟာ Google Android OS ကို ခိုင်ခိုင်မာမာ သုံးစွဲနေတာ ဖြစ်တဲ့အတွက် ဒီသတင်းက အံ့အားသင့်စရာ ကောင်းပါတယ်။ Google Wear OS ကို ကိုယ်ပိုင် OS မထုတ်နိုင်တဲ့ ကုမ္ပဏီတွေ အသုံးများကြပါတယ်။ Fossil နဲ့ Mobvoi ဟာ Wear OS ကို အဓိက သုံးနေကြသလို OPPO ကလည်း တရုတ်ပြင်ပမှာ Wear OS ကိုပဲ သုံးနေပါတယ်။ OnePlus ဟာ သူ့ စမတ်နာရီမှာ ဘာ OS သုံးမလဲဆိုတာ မသိရသေးပါဘူး။

OnePlus ဟာ ၂၀၁၆ ခုနှစ်ကတည်းက စမတ်နာရီကို ဖန်တီးနေတာ ဖြစ်ပြီး ကြေညာမယ့်အချိန်နဲ့ ပတ်သက်တာကတော့ သတင်းအမျိုးမျိုးထွက်နေခဲ့တာပါ။ ဒါပေမယ့် အခုထက်ထိ မရောင်းသေးတာက အချိန်ကောင်းစောင့်နေတာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် စိတ်ကြိုက် မဖြစ်သေးလို့ မရောင်းသေးတာလည်း ဖြစ်နိုင်ပါတယ်။

OnePlus ရဲ့ ပူးတွဲတည်ထောင်သူ Carl Pei က စမတ်နာရီ ပုံကြမ်းတွေကို ၂၀၁၆ ခုနှစ်က တွစ်တာမှာ ပြသခဲ့ဖူးပါတယ်။ အဲဒီထဲက ၁ ခုဟာ မကြာခင်က ပေါက်ကြားခဲ့တဲ့ မော်ဒယ်နဲ့ တူညီပြီး မျက်နှာပြင် အဝိုင်းကို အသုံးပြုထားပါတယ်။

Ref : gsmarena

%d bloggers like this: