သုတေသနပညာရှင်တွေက စမတ်နာရီတွေဟာ ကိုဗစ် ၁၉ ကို စောစီးစွာ ထောက်လှမ်းနိုင်တယ်လို့ ပြော

စမတ်နာရီ၊ စမတ်လက်ပတ်တွေဟာ နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန်နဲ့ တခြား ကျန်းမာရေး ဒေတာတွေကို တွက်ချက်နိုင်ပြီး အခုတော့ သုတေသန ပညာရှင်တွေက စမတ်နာရီတွေဟာ ကိုဗစ် ၁၉ ကူးစက်တာကို စမ်းသပ်မှု မပြုလုပ်ခင် ရက်နည်းနည်း စောစီးစွာ ထောက်လှမ်းနိုင်တယ်လို့ ပြောပါတယ်။ ကိုဗစ် ၁၉ ရဲ့ ရောဂါ လက္ခဏာတွေ မခံစားရခင်မှာတင် စောစီးစွာ သိနိုင်တဲ့အတွက် ကုသရာမှာ အရမ်းကို အကျိုးရှိပါတယ်။ လူ့ အသက်တွေကိုတောင် ကာကွယ်ပေးနိုင်တယ်လို့ ပြောရမှာပါ။

Mount Sinai Health System နဲ့ Stanford University အပါအဝင် အမေရိကန်က ထိပ်တန်း ဆေးသိပ္ပံ University တွေနဲ့ ကျန်းမာရေး အဖွဲ့အစည်းတွေရဲ့ သုတေသနစမ်းသပ်ချက်တွေအရ ဒီလို ပြောနိုင်တာပါ။ ချပ်ဝတ်တန်ဆာ ကွန်ပြူတာ နည်းပညာဟာ ကပ်ရောဂါနဲ့ တခြား ကူးစက်ရောဂါတွေကို ကာကွယ်ရာမှာ အရမ်းကို အဓိက ကျတဲ့ နေရာကနေ ပါဝင်လာနိုင်ပါတယ်။

Mount Sinai Health System က Apple Watch ဟာ လူတွေရဲ့ နှလုံးခုန်နှုန်း ပြောင်းလဲတာကို အာရုံခံနိုင်တဲ့အတွက် ကိုဗစ် ၁၉ ကူးစက်နေရင် စောစော သိနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ကိုဗစ် ၁၉ ရောဂါ လက္ခဏာတွေ မပြသခင် ၁ ပတ်လောက် စောကာ Apple Watch က ကြိုတင်သိနိုင်တယ်လို့ သိရပါတယ်။ ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့ လူဟာ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘူးလို့ ဆိုပါတယ်။

Stanford University က ပညာရှင်တွေဟာ Garmin , Fitbit , Apple နဲ့ တခြား ကုမ္ပဏီထုတ် Activity Tracker မျိုးစုံနဲ့ စမ်းသပ်ခဲ့ရာမှာ ကိုဗစ် ၁၉ ကူးစက်ခံထားရသူတွေရဲ့ နှလုံးခုန်နှုန်းဟာ ၉ ရက်အထိ မြင့်မားနေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ပညာရှင်တွေရဲ့ စမတ်နာရီ ဒေတာတွေဟာ ရောဂါ လက္ခဏာ မပြသခင် ၄ ရက်ကနေ ၇ ရက်အတွင်း ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့ လူတွေကို ၆၆ ရာခိုင်နှုန်း မှန်ကန်စွာ ဖော်ထုတ်ပေးနိုင်ပါတယ်။ အနာဂတ်မှာ ချပ်ဝတ်တန်ဆာ ကွန်ပြူတာတွေဟာ လူသားတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်ဖို့ ဆုတောင်းလိုက်ပါတယ်။

Ref : gizmochina

%d bloggers like this: