နောက်ထွက်မယ့် တန်ဖိုးနည်း iPad မှာ ပိုပါးလွှာ ပေါ့ပါးတဲ့ ကိုယ်ထည် ပါလာနိုင်

ဂျပန် ဘလော့ Mac Otokara ရဲ့ သတင်းအရ Apple ရဲ့ ၉ ဆက်မြောက် တန်ဖိုးနည်း iPad ကို ဒီနှစ် နှောင်းပိုင်းမှာ ကြေညာနိုင်ပြီး ၂၀၂၀ မော်ဒယ်ထက် ပိုပါးလွှာ ပေါ့ပါးတဲ့ ကိုယ်ထည် ပါလာမယ်လို့ သိရပါတယ်။ ၂၀၁၉ ထုတ် iPad Air 3 နဲ့ တူသွားမှာပါ။

တရုတ် Supply Chain က ထွက်လာတဲ့ သတင်းအပေါ် အခြေခံထားတာ ဖြစ်ပြီး အရင်လက သတင်းအရ အထူဟာ လက်ရှိ မော်ဒယ်ရဲ့ ၇.၅ မီလီမီတာထက် ပိုပါးလွှာတဲ့ ၆.၃ မီလီမီတာ ဖြစ်မယ်လို့ သိရပါတယ်။ အလေးချိန်ကလည်း ၄၉၀ ဂရမ် ကနေ ၄၆၀ ဂရမ်အထိ လျော့ကျသွားမှာပါ။ Home Button မှာ Touch ID Sensor မြှပ်နှံထားမှာ ဖြစ်ပြီး Lighting Port တပ်ဆင်ထားမှာပါ။

မျက်နှာပြင် အရွယ်အစားက ၁၀.၂ လက်မ ဖြစ်ပြီး လက်ရှိ မော်ဒယ်နဲ့ တူညီမှာပါ။ အရင်ကတော့ ဒီထက် နည်းနည်း ပိုကြီးတဲ့ ၁၀.၅ လက်မ ပါမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ A13 Bionic Chipset နဲ့ 4GB RAM ထည့်သွင်းထားနိုင်ပြီး စက်တင်ဘာလမှာ ကြေညာနိုင်ပါတယ်။

Apple ဟာ iPad Pro အသစ်တွေမှာလည်း ၁၁ လက်မနဲ့ ၁၂.၉ လက်မ မျက်နှာပြင်တွေကို ဆက်လက် သုံးထားမယ်လို့ သတင်းထွက်လာပါတယ်။ ဒါပေမယ့် A Series Chipset အသစ်ကြောင့် စွမ်းဆောင်ရည်က တိုးတက်လာမှာ သေချာပါတယ်။

Ref : gsmarena

%d bloggers like this: