Apple က တရုတ်နှစ်သစ်ကူးအတွက် Ox AirPods Pro Limited Edition ကို ကြေညာ

Apple ဟာ တရုတ် နှစ်သစ်ကူးအတွက် Ox AirPods Pro Limited Edition ကို ကြေညာလိုက်ပါတယ်။ ဒီဇိုင်းနဲ့ လုပ်ဆောင်ချက်တွေက မူလမော်ဒယ်နဲ့ တူညီပေမယ့် Charging Case နဲ့ ဘူးခွံမှာ နွားပုံ ရေးထွင်းထားပါတယ်။ တရုတ်က Apple စတိုးတွေနဲ့ ဝက်ဘ်ဆိုက်ကနေ သူ့ကို ဝယ်ယူနိုင်ပေမယ့် အော်ဒါ ၁ ခုကို ၂ လုံးပဲ ဝယ်ယူနိုင်မှာပါ။ ဈေးက မူလ မော်ဒယ်နဲ့ တူညီပြီး ၁,၉၉၉ ယွမ်နဲ့ ရောင်းမှာပါ။ မြန်မာငွေ ၄ သိန်း ၁ သောင်းလောက် ကျသင့်မှာပါ။

သူ့ရဲ့ အဓိက စွမ်းရည်တွေက Active Noise Cancellation နဲ့ ရေစိုခံ ဒီဇိုင်း ဖြစ်ပါတယ်။ နားထဲထည့်သွင်း တပ်ဆင်ရတဲ့ In-ear Design ဖြစ်ပါတယ်။ Active Noise Cancellation စနစ်မှာ မိုက်ကရိုဖုန်း ၂ လုံးကို သုံးထားပါတယ်။ ၁ လုံးက အပြင်ဘက်နဲ့ နောက် ၁ လုံးက အတွင်းဘက်မှာပါ။ အပြင်ဘက် ၁ လုံးက ပတ်ဝန်းကျင်က ဆူညံသံတွေကို စောင့်ကြည့်စစ်ဆေးပေးပြီး ဖယ်ရှာပေးပါတယ်။ အတွင်းဘက် ၁ လုံးက နားကြပ်ထဲက အသံတွေကို စောင့်ကြည့် စစ်ဆေးပေးပြီး ဆူညံသံတွေကိုချိန်ညှိပေးပါတယ်။ အလန်းစား နည်းပညာက Transparency ဖြစ်ပြီး နားကြပ်တပ်ထားရင်တောင် ကားဟွန်းတီးသံတွေ၊ လေဆိပ်က အသိပေးကြေညာချက်တွေကို ကြားရေအောင် ပြုလုပ်ပေးပါတယ်။

ရေနဲ့ ချွေးစိုတာ ခံနိုင်တဲ့ IPX4 စံနှုန်းပါလာတဲ့အတွက် လေ့ကျင့်ခန်းလုပ်နေရင် ဝတ်ဆင်နိုင်ပါတယ်။ နားကြပ်က ဖိအားကို အာရုံခံနိုင်လာပြီး သူ့ကို ညှစ်ခြင်းဖြင့် အလုပ်တွေ ခိုင်းစေနိုင်ပါတယ်။ H1 Audio Processor ထည့်ထားပြီး အသံအရည်အသွေးက အရမ်းလန်းပါတယ်။ အသံအမိန့်တွေနဲ့ Siri ကို ခိုင်းစေနိုင်ပါတယ်။ Ear Tip Fit Test လုပ်ဆောင်ချက် အသစ် ပါလာပြီး နားကြပ်ဟာ သင့်နားနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကူညီပေးပါတယ်။

Audio Sharing က iOS နဲ့ iPadOS Device တွေနဲ့ သီချင်းတွေ မျှဝေနားဆင်နိုင်ပါတယ်။ AirPods ၂ ခုကို Device ၁ ခုထဲနဲ့ ချိတ်ဆက် နားဆင်နိုင်ပါတယ်။ Noise Cancelling ဖွင့်ထားပြီး သီချင်းနားထောင်ရင် ၄ နာရီခွဲနဲ့ ပိတ်ထားပြီး သီချင်းနားထောင်ရင် ၅ နာရီ အသုံးခံပါတယ်။ Case မှာ ကြိုးမဲ့ အားသွင်းနည်းပညာ ပါလာပါတယ်။

Ref : gsmarena

%d bloggers like this: