မြင်သူငေးမောဖွယ် ဒီဇိုင်း၊ အမိုက်စားကင်မရာစနစ်တွေနဲ့ Vivo V20

Vivo ရဲ့ နောက်ဆုံးပါ် V စီးရီး ဖုန်းမော်ဒယ်အသစ် V20 ကို ယနေ့ကစပြီး ပြည်တွင်းစျေးကွက်မှာ စတင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။ ဆန်းသစ်လှပတဲ့ ဒီဇိုင်း၊ ကျယ်ပြန့်ကောင်းမွန်တဲ့ AMOLED မျက်နှာပြင်၊ စွမ်းဆောင်ရည်မြင့် Snapdragon 720G Chipset တွေ ပါဝင်ပြီး၊ တန်ဖိုး ကျပ် ၄၉၉၈၀၀ ကျသင့်မှာပါ။ အရင် Vivo ဖုန်းတွေလိုပဲ ကင်မရာ နဲ့ ဒီဇိုင်းပိုင်းကို အဓိက အသားပေးထုတ်လုပ်ထားတဲ့ ဖုန်းတလုံး ဖြစ်ပါတယ်။

မြင်သူငေးမောဖွယ် ဒီဇိုင်းနဲ့ စာရွက်တရွက် အလား ထင်မှတ်မှားရတဲ့ ပေါ့ပါးကျစ်လျစ်မှု

Vivo V20 ကို မြင်လိုက်ရုံနဲ့ တခြားဖုန်းတွေနဲ့ မတူထူးခြားဆန်းသစ်မှုကို သတိထားမိမှာပါ။ ဖုန်းကိုယ်ထည်က အထူ ၇.၃ မီလီမီတာသာ ရှိပြီး တော်တော်လေး ပါးပါတယ်။ ဖုန်းကို လက်ထဲ ကောက်ကိုင်ကြည့်လိုက်ရင် နောက်ထပ် သတိထားမိမှာ တခုက သူ့အလေးချိန်ပါ။ လက်ထဲမှာ ဖုန်းတလုံး ကိုင်ထားတယ်လို့ ထင်စရာမရှိလောက်အောင် ပေါ့ပါးတယ်။ စာရွက်တရွက်လို ပေါ့ပါးတယ်လို့ အမွှမ်းတင်ရင် လွန်မယ် မထင်ပါဘူး။ ဒီအရွယ် ဆိုဒ်နဲ့ ဒီလောက် ပေ့ါပေါ့ပါးပါးရှိတဲ့ ဖုန်းမျိုး ထုတ်နိုင်တာ Vivo ကို ချီးကျူးမိပါတယ်။

Vivo V20 မှာ နောက်ထပ်သဘောကျမိတာတခုက သူ့ကာလာပါ။ Midnight Jazz နဲ့ Sunset Melody ဆိုပြီး ၂ ရောင် ထုတ်ထားပါတယ်။ Midnight Jazz က ကျော့ရှင်းငြိမ်သက်မှုကို ကြိုက်သူတွေအတွက် ရွေးချယ်စရာ ဖြစ်ပါလိမ့်မယ်။ Sunset Melody တွေကတော့ လုံးဝ လူငယ်တွေ အကြိုက်တွေ့မယ် အရောင်ပါ။ ညနေခင်း နေဝင်ဆည်းဆာလို အရောင်အသွေး ယှက်ဖြာကွန့်မြူးနေတဲ့ ဒီဇိုင်းက တစိမ့်စိမ့် ထိုင်ကြည့်နေမိလောက်အောင် စွဲမက်ဖွယ်ကောင်းပါတယ်။ ကာလာ ပိုတောက်ပပြောင်လက်အောင် ကျောဘက်ကို ဖန်သားသုံးပေးထားပြီး၊ လက်ဗွေရာ မထင်လွယ်အောင်လို့ Coating တခု အုပ်ပေးထားပါသေးတယ်။

Vivo V20 ရဲ့ ကျောကင်မရာ ဒီဇိုင်းကလည်း တမျိုး ဆန်းသစ်လှပပါတယ်။ LED ဖလက်ရှ်မီး ၂ လုံးအပေါ်ကနေမှ 64MP ပင်မကင်မရာ၊ 8MP Wide-Angle ကင်မရာ နဲ့ 2MP Mono ကင်မရာ သုံးလုံးကို ကျောဘက် လေးထောင့် Module အတွင်းမှာ ၂ ဆင့် သေသပ်လှပစွာ ထည့်သွင်းထားတာကလည်း အမြင်ဆန်းနေမှာပါ။

Vivo V20 ရဲ့ အောက်ခြေကိုယ်ထည်မှာ 3.5mm နားကြပ်ပေါက်တခု၊ USB-C အပေါက်တခု၊ စပီကာ အပေါက်တခုတို့ ပါဝင်ပြီး၊ ညာဘက်ခြမ်းမှာတော့ အသံအတိုးအချဲ့ ခလုတ်နဲ့ ပါဝါခလုတ်တို့ကို တွေ့မြင်ရမှာပါ။ SIM နှစ်ကတ်အပြင်၊ microSD ကတ် တကတ်ပါ ထပ်မံ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

ကြီးမားကျယ်ပြန်တဲ့ AMOLED မျက်နှာပြင်

Vivo V20 မှာ ကြီးမားတဲ့ ၆.၄၄ လက်မအရွယ် AMOLED မျက်နှာပြင်ကို 20:9 အချိုးအစားနဲ့ ထည့်သွင်းပေးထားပါတယ်။ Aမျက်နှာပြင်က အလင်းအား တော်တော်လေး ကောင်းမွန်ပြီး၊ နေရောင်ထဲမှာလည်း ကြည်လင်ရှင်းလင်းစွာ မြင်တွေ့ အသုံးပြုနိုင်ပါတယ်။ AMOLED မျက်နှာပြင်ဖြစ်တာနဲ့အညီ ရုပ်ရှင်၊ ဗီဒီယိုတွေ ကြည့်တဲ့အခါမှာလည်း အရောင်အသွေး စိုပြေတောက်ပမှုကို ခံစားရမှာပါ။

တနေကုန်ခံ ဘက်ထရီနဲ့ မြန်ဆန်တဲ့ အားသွင်းစနစ်

Vivo V20 မှာ 4,000mAh ဘက်ထရီကို အသုံးပြုထားပါတယ်။ သူ့မျက်နှာပြင်အရွယ်အစားနဲ့ဆို ဘက်ထရီက သိပ်ကြီးတယ်လို့ မဆိုနိုင်ပေမယ့် ဘက်ထရီသက်တမ်းကတော့ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အသုံးခံတာ တွေ့ရပါတယ်။ Stock Android နီးပါး ရိုးရှင်းသပ်ရပ်တဲ့ Android 11 အခြေခံ Funtouch OS 11 အသစ်နဲ့အတူ Optimization စနစ်တွေ ပိုကောင်းလာတာကြောင့်လည်း ဘက်ထရီ ပိုခံလာပုံ ရပါတယ်။ အရင်လို အမြင်ရှုပ်သလို ခံစားရတဲ့ Funtouch OS UI နဲ့ မဟုတ်တော့ဘဲ Stock Android ပုံစံဘက်ကို ကူးပြောင်းလာတာကလည်း အများစု သဘောကျမယ်လို့ ထင်ပါတယ်။

အားသွင်းနှုန်းအနေနဲ့ Vivo V20 မှာ မြန်ဆန်တဲ့ 33W FlashCharge စနစ်ကို အသုံးပြုထားပါတယ်။ ဖုန်းဝယ်ရင် တခါတည်း  FlashCharge အားသွင်းခေါင်း ပါ ဘူးထဲ တခါတည်း ပါလာမှာပါ။ နာရီဝက် အတွင်းမှာ ဖုန်းအား ၆၆ ရာခိုင်နှုန်းအထိ မြန်မြန်ဆန်ဆန် သွင်းပေးနိုင်တာကြောင့် ဘယ်သွားသွား ဖုန်းအားကုန်မှာ ပူစရာ လိုမှာမဟုတ်ပါဘူး။ အပြင်သွားခါနီး ပြင်ဆင်နေတုန်း အားသွင်းထားရုံနဲ့ ဖုန်းက အားအပြည့် ဖြစ်သွားမှာပါ။

မြင့်မားတဲ့စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်တဲ့ Snapdragon 720G

Vivo V20 မှာ octa-core Snapdragon 720G Chipset ကို 8GB RAM ၊ 256GB Storage တို့နဲ့ တွဲဖက် အသုံးပြုပေးထားပါတယ်။ နေ့စဉ်အသုံးပြုရာမှာ မြန်ဆန်သွက်လက်တဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပြီး၊ Multitasking လုပ်ရာမှာလည်း အခက်အခဲမရှိ၊ ချောမွေ့စွာ လုပ်ဆောင်နိုင်မှာပါ။

ဂိမ်းမင်းစွမ်းဆောင်ရည်အနေနဲ့လည်း Call of Duty ၊ PUBG Mobile စတဲ့ ဂိမ်းတွေကို Medium Graphics Settings လောက်မှာ အထစ်အငေ့ါမရှိ ကောင်းမွန်စွာ ဆော့ကစားနိုင်ပါတယ်။ ဒါ့အပြင် ဂိမ်းကစားရာမှာ အနှောင့်အယှက်မရှိ ပိုမိုကောင်းမွန်တဲ့အတွေ့အကြုံကို ပေးစွမ်းနိုင်ဖို့အတွက် Ultra Game Mode လည်း ပါဝင်ပါသေးတယ်။

Vivo V20 မှာ Google ရဲ့ နောက်ဆုံးထုတ် Android 11 စနစ် အခြေခံ FunTouch OS 11 ကို အသုံးပြုထားပါတယ်။ Stock Android နီးပါး ရိုးရှင်းတဲ့ အသွင်အပြင်နဲ့ ဖြစ်လာပြီး၊ အရင်လို မလိုအပ်တဲ့ Apps တွေ Bloatware တွေလည်း လုံးဝ မပါလာတော့ပါဘူး။

Vivo V20 မှာ အသုံးပြုထားတဲ့ Under Display Fingerprint Scanner ကလည်း အကြိမ်တိုင်းမှာ အမှားအယွင်းမရှိ၊ မြန်ဆန်တိကျစွာ Unlock ပြုလုပ်ပေးနိုင်တာ တွေ့ရပါတယ်။ အလားတူ Face Unlock စနစ်ကလည်း အလင်းအမှောင်မရွေး ကောင်းမွန်စွာ အလုပ်လုပ်ပါတယ်။

နေ့ညမရွေး အကောင်းဆုံးဓာတ်ပုံတွေကို ပေးစွမ်းနိုင်တဲ့ ကင်မရာစနစ်

Vivo V20 ဟာ အခြား Vivo ဖုန်းတွေအတိုင်း ကင်မရာပိုင်းကို အကောင်းဆုံးဖြစ်အောင် အသားပေး ထုတ်လုပ်ထားတဲ့ ဖုန်းဖြစ်တာကြောင့် ကင်မရာစွမ်းဆောင်ရည်ကတော့ စိတ်ကျေနပ်မှုအပြည့် ပေးစွမ်းနိုင်မှာပါ။ ကျောဘက်မှာ 64MP ၊ 8MP နဲ့ 2MP ကင်မရာ သုံးလုံးကို တွဲဖက် အသုံးပြုထားပြီး၊ နေ့ရော ညပါ ကြည်လင်ပြတ်သားကောင်းမွန်တဲ့ ပုံထွက်တွေ ပေးစွမ်းနိုင်ပါတယ်။

ရှေ့ Selfie Camera အနေနဲ့ Eye Autofocus နည်းပညာပါဝင်တဲ့ 44MP ကင်မရာတလုံး ပါဝင်ပါတယ်။ အလင်းအနည်းအများ အခြေအနေမရွေး အသေးစိတ်ကျနလှပတဲ့ Selfie ပုံအမိုက်စားတွေ ရိုက်ကူးနိုင်ပြီး၊ Video တွေကိုလည်း 4K Resolution အထိ ရိုက်ကူးပေးနိုင်ပါတယ်။ အလင်းအားနည်းတဲ့ အခြေအနေတွေမှာတောင် ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်ဖို့အတွက် Super Night Selfie ၊ Aura Screen Light စတဲ့ အမိုက်စား ကင်မရာလုပ်ဆောင်ချက်များစွာလည်း ပါဝင်ပါတယ်။

ခြုံငုံပြောရရင် Vivo V20 ဟာ ဒီဇိုင်းကော စွမ်းဆောင်ရည် အရည်အသွေးပါ အဘက်ဘက်က ကောင်းမွန်ပြည့်စုံတဲ့ Mid-range ဖုန်းတလုံးဆိုတာ ငြင်းစရာ မရှိပါဘူး။ ငါးသိန်းဝန်းကျင်နဲ့ ကင်မရာအမိုက်စား ဖုန်းလှလှလေးတလုံး လိုချင်သူတွေ အကြိုက်တွေ့မယ်လို့ ထင်ပါတယ်။

 

#vivo

%d bloggers like this: