ဝယ်လိုအား များနေတဲ့အတွက် Apple က iPhone 12 ထုတ်လုပ်မှုကို ၂ သန်းအထိ တိုးမြှင့်

iPhone 12 နဲ့ 12 Pro ကို နိုင်ငံတချို့မှာ ရောင်းပေးထားတာ ရက်အနည်းငယ်ရှိပါပြီ။ အခုတော့ ဝယ်လိုအား များနေတဲ့အတွက် Apple ဟာ iPhone 12 ထုတ်လုပ်မှုကို ၂ သန်းအထိ တိုးမြှင့်လိုက်တယ်လို့ သတင်းထွက်လာပါတယ်။

OLED မျက်နှာပြင် ၊ 5G နဲ့ ပြားချပ်တဲ့ ဖရိမ် ဒီဇိုင်းကြောင့် လူတွေ အရမ်း စိတ်ဝင်စားနေပါတယ်။ Cinda Securities က Apple ဟာ iPhone 12 Series ကို အလုံးရေ သန်း ၈၀ ကနေ ၈၅ သန်းအထိ ရောင်းချနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ စစ်တမ်းအရ ၂၀၂၁ ခုနှစ်မှာ အလုံးရေ သန်း ၂၃၀ ကနေ ၂၄၀ အတွင်း ရောင်းချနိုင်မယ်လို့ သိရပါတယ်။ ဒီကိန်းဂဏန်းအတိုင်းသာ တကယ် ဖြစ်လာမယ်ဆိုရင် iPhone 12 Series ဟာ ရောင်းအားအကောင်းဆုံး iPhone တွေအဖြစ် သမိုင်းမှာ စံချိန်တင်သွားမှာပါ။ လက်ရှိ ရောင်းအားအကောင်းဆုံး စံချိန်တင်ထားတာက iPhone 6, 6 Plus ဖြစ်ပြီး ၂၂၂.၄ သန်းတောင် ရောင်းချထားနိုင်ခဲ့တာပါ။

Apple အရေး လေ့လာဆန်းစစ်သူ Ming-chi Kuo က iPhone 12 , 12 Pro အလုံးရေ ၇ သန်း ကနေ ၉ သန်းအထိ ကြိုတင်မှာယူမယ်လို့ ခန့်မှန်းထားပါတယ်။ သူက iPhone 12 Series ထဲမှာ 12 , 12 Pro ရောင်းအားဟာ ၆၀ ကနေ ၇၀ ရာခိုင်နှုန်းအတွင်း ရှိမယ်လို့ ဟောကိန်းထုတ်ထားပါတယ်။ 12 Pro Max နဲ့ 12 mini တို့ကတော့ ၁၅ ကနေ ၂၀ ရာခိုင်နှုန်းအတွင်းပဲ ရှိမှာပါ။

Ref : gsmarena

%d bloggers like this: