၁.၈ စက္ကန့်အတွင်း ပစ္စည်းပြတ်အောင် ရောင်းချနိုင်ခဲ့တဲ့ Royole FlexPai 2 Foldable ဖုန်း

ကမ္ဘာ့ ပထမဆုံး Foldable စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချတာ Samsung နဲ့ Huawei လို့ စာဖတ်သူတွေ ထင်နေမှာပါ။ တကယ်တော့ မဟုတ်ပါဘူး။ တရုတ် အခြေစိုက် Royole က ကမ္ဘာ့ ပထမဆုံး Foldable ဖုန်းကို ထုတ်လုပ်ရောင်းချခဲ့တာပါ။ အဲဒီဖုန်း နာမည်က Royole FlexPai ဖြစ်ပြီး မကြာခင်ကပဲ သူ့ရဲ့ မျိုးဆက်သစ် FlexPai 2 ကို ကြေညာခဲ့ပါတယ်။

အခုတော့ သူ့ကို တရုတ်မှာ ရောင်းပေးလိုက်ပြီ ဖြစ်ပြီး ရောင်းအား တော်တော်လန်းသွားပါတယ်။ ၁.၈ စက္ကန့်အတွင်းမှာ ပစ္စည်းပြတ်အောင် ရောင်းချနိုင်ခဲ့ပါတယ်။ လူ ၃ သိန်းနီးပါး အွန်လိုင်းကနေ အလုအယက် ဝယ်ယူခဲ့ကြတယ်လို့ သိရပါတယ်။ ရောင်းချရတဲ့ အလုံးရေကိုတော့ ကုမ္ပဏီက မပြောပါဘူး။ မနေ့ကတော့ ကြိုတင်မှာယူမှု ၁၅၀,၀၀၀ လောက်ရှိတယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ နောက် ၁ သုတ် ရောင်းမယ့် အချိန်ကိုလည်း မသိရသေးပါဘူး။

သူဟာ လက်ရှိမှာ ဈေးအချိုဆုံး Foldable 5G စမတ်ဖုန်း ဖြစ်ပါတယ်။ Samsung Galaxy Z Fold 2 နဲ့ Huawei Mate Xs တို့ထက် ဈေးသက်သာပါတယ်။ 8/256GB Version ကို ၁၅၀၀ ဒေါ်လာအောက်နဲ့ ရောင်းပေးထားပြီး ၁၉ သိန်းကျော်ကျသင့်ပါတယ်။

သူ့မှာ ၈ လက်မ Flexible မျက်နှာပြင် တပ်ဆင်ထားပြီး အပြင်ဘက်ကို ခေါက်ချိုးရတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ 1920x1440p Resolution ရှိပြီး Snapdragon 865 SoC မောင်းနှင်ထားပါတယ်။ Android 10 အခြေပြု waters 2.0 ထည့်သွင်းထားပါတယ်။ ပင်မ ကင်မရာက 64MP ဖြစ်ပြီး 3x Optical Zoom ထောက်ပံ့ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာပါတယ်။

Ref : gizchina

%d bloggers like this: