Google Android TV Stick ရဲ့ ဓါတ်ပုံတွေထွက်ပေါ်လာ

Google ဟာ လျှို့ဝှက်အမည် Sabrina လို့ ပေးထားတဲ့ TV Dongle ကို ဖန်တီးနေတယ်လို့ ဇွန်လက သတင်းထွက်ခဲ့ပါတယ်။ Android TV ဖြစ်ပြီး Remote နဲ့ ဖွင့်ရတဲ့ UI ပါလာမှာပါ။ အရင် Chromecast တွေလို စမတ်ဖုန်းနဲ့ ထိန်းချုပ်ရတာ မဟုတ်ပါဘူး။ အခုတော့ သူ့ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပြီး Android TV Stick နဲ့အတူ Remote ကိုပါ မြင်ရပါတယ်။

သူ့မှာ Amlogic S905X2 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး Quad-core Cortex-A53 CPU နဲ့ Mali-G31MP2 GPU ပါလာမှာပါ။ RAM နဲ့ Storage ပမာဏကို Google ဘယ်လောက်ထည့်ထားမလဲ ဆိုတာ မသိရသေးပါဘူး။ ချောချောမွတ်မွတ်ဖြစ်စေဖို့အနည်းဆုံး 2GB RAM နဲ့ 16GB Storage ပါလာနိုင်ပါတယ်။ Remote ရဲ့ ဒီဇိုင်းက ရိုးရှင်းပြီး Netflix နဲ့ YouTube ကို မြန်မြန်ဖွင့်နိုင်တဲ့ ခလုတ်တွေ ထည့်သွင်းထားပါတယ်။

FCC က စာရင်းအရ သူ့မှာ WiFi နဲ့ Bluetooth ပါလာမှာ ဖြစ်ပါတယ်။ မကြာခင်က သူ့ကို “Google Chromecast with Google TV” နာမည်နဲ့ Target စတိုးမှာ ၅၀ ဒေါ်လာနဲ့ စာရင်းတင်ထားပါတယ်။ မြန်မာငွေ ၆ သောင်း ၆ ထောင်လောက်ပဲ ရှိမှာပါ။ အရင်မျိုးဆက်တွေကိုတော့ Google Chromecast နာမည်နဲ့ ရောင်းချပေးထားတာဖြစ်ပြီး အခုတော့ နာမည်နည်းနည်း ပြောင်းလဲသွားပါတယ်။

Software ပါတဲ့ Android TV တွေ ဈေးကွက်ထဲမှာ များစွာ ရှိနေပြီ ဖြစ်ပြီး အဲဒီထဲမှာ ဒေါ်လာ ၁၅၀ ကစတဲ့ စွမ်းရည်မြင့် Nvidia Shield Series တွေနဲ့ ဒေါ်လာ ၆၀ တန် Xiaomi Mi Box S တို့ ပါပါတယ်။ Xiaomi က မကြာခင်ကပဲ ဒေါ်လာ ၄၀ တန် တန်ဖိုးနည်း Mi TV Stick ကို ကြေညာခဲ့ပြီး အိန္ဒိယနဲ့ ဥရောပမှာ ရောင်းပေးထားပါတယ်။

Ref : theverge

%d bloggers like this: