မျက်နှာပြင် ၂ ခု ပါတဲ့ LG Wing ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

LG က ဒီဇိုင်း ဆန်းသစ်တဲ့ ဖုန်း ၁ လုံးကို ဖန်တီးနေပါတယ်။ LG Wing လို့ နာမည်ပေးထားပြီး လှည့်လို့ရတဲ့ မျက်နှာပြင် အပို ၁ ခု ထည့်သွင်းထားပါတယ်။ သူ့ကို ဒီလ ၁၄ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ သူ့ရဲ့ ဓါတ်ပုံတွေထွက်လာပါတယ်။

ဓါတ်ပုံတွေမှာ LG Wing ရဲ့ ဘေးမှာ Samsung Galaxy Note20 ကို ယှဉ်တွဲ ပြသထားပါတယ်။ LG Wing ဟာ Note20 ထက် နည်းနည်းလေး ပိုရှည်တယ်လို့ ထင်ရပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေကတော့ Note20 ထက် ကြီးမားနေပါတယ်။ LG Wing မှာ စမတ်တီဗီနဲ့တူတဲ့ အထူး UI ပါလာမယ်လို့ သိရပြီး အခု ဓါတ်ပုံ ၁ ပုံမှာ အဲဒီ UI ကို လေ့လာခွင့်ရခဲ့ပါပြီ။ ဖုန်းရဲ့ ပင်မ မျက်နှာပြင်မှာ Carousel-style 3D Shortcuts တွေကို တွေ့ရပါတယ်။

မကြာခင်ကထွက်ခဲ့တဲ့ ဓါတ်ပုံမှာ ဖုန်းရဲ့ အရှေ့နဲ့ အနောက်ဘက် ဒီဇိုင်းတွေကို လေ့လာနိုင်ပြီး အပြာနုရောင်နဲ့ အနက်ရောင်တွေ တွေ့ရပါတယ်။ အနောက်ကင်မရာ ၃ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပြီး ပင်မ ကင်မရာက 64MP ဖြစ်ပါတယ်။ ပေါက်ကြား သတင်းတွေအရ ပင်မ မျက်နှာပြင်ဟာ ၆.၈ လက်မနဲ့ အပို မျက်နှာပြင်ဟာ ၄ လက်မ ဖြစ်ပါတယ်။ မျက်နှာပြင် ၂ ခု ပါပေမယ့် ဖုန်းဟာ ပါးလွှာနေတာ အံ့အားသင့်စရာပါ။

LG Wing ရဲ့ ဗီဒီယိုတွေလည်း အရင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဗီဒီယို ၁ ခုမှာ ကားမောင်းနေစဉ် မျက်နှာပြင် အကြီးကနေ မြေပုံကို ကြည့်လို့ရပြီး မျက်နှာပြင် အပိုမှာ App တွေ သုံးလို့ရတာကို ပြသထားပါတယ်။ နောက်ထပ် ဗီဒီယို ၁ ခုမှာ ဂိမ်းကစားတဲ့အခါ မျက်နှာပြင် ၂ ခုပါတဲ့ ဖုန်းရဲ့ အားသာချက်ကို ပြသထားပါတယ်။ ကားမောင်းတဲ့ ဂိမ်းကစားတဲ့အခါမှာ မျက်နှာပြင် အပိုကနေ လမ်းကြောင်းကို ကြည့်ရင်း ပင်မ မျက်နှာပြင်ကနေ ကစားနေတာကို မြင်ရပါတယ်။

LG Wing ကို ဒေါ်လာ ၁ ထောင်လောက်နဲ့ ရောင်းနိုင်ပြီး ၁၃ သိန်းလောက် တန်ကြေးရှိနိုင်ပါတယ်။ အဲဒီဖုန်းဟာ LG ရဲ့ Explorer Project Series ထဲက ၁ လုံး ဖြစ်ပြီး အနာဂတ်မှာ အဲဒီလို ဒီဇိုင်းဆန်းသစ်တဲ့ ဖုန်းများစွာကို LG က ထုတ်လုပ်ရောင်းချမှာပါ။

Ref : gsmarena

%d bloggers like this: