Xiaomi Mi Band 4 ဟာ တစ်ကမ္ဘာလုံးမှာ ရောင်းအား အကောင်းဆုံး Wearable ဖြစ်လာ

Xiaomi ဟာ ၁၅ ရက်နေ့မှာ Mi Smart Band 5 ကို နိုင်ငံတကာမှာ ကြေညာဖို့ စီစဉ်ထားပါတယ်။ သူ့ရဲ့ အရင်မျိုးဆက် Mi Band 4 ဟာ ရောင်းအား အရမ်းကို ကောင်းနေပါတယ်။ အခုတော့ Xiaomi က Mi Band 4 ရောင်းအားကို တွစ်တာမှာ ကြွားလိုက်ပါတယ်။ Canalys ရဲ့ ဈေးကွက်စစ်တမ်းအရ Mi Band 4 ဟာ ၂၀၁၉ ကွာတား ၃ နဲ့ ၂၀၂၀ ကွာတား ၁ အတွင်း တစ်ကမ္ဘာလုံးမှာ ရောင်းအားအကောင်းဆုံး Wearable ဖြစ်တယ်လို့ သိရပါတယ်။


သူ့ရဲ့ Specs တွေကို အောက်မှာ ပြန်လည် ဖော်ပြလိုက်ပါတယ်။ Xiaomi က ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ Mi Band 4 Fitness Tracker ကို ဇွန်လက ကြေညာခဲ့တာပါ။ ၂၅ ဒေါ်လာသာ ရှိတဲ့အတွက် ဈေးသက်သာပါတယ်။ သူ့မှာ ဝ.၉၅ လက်မ Color AMOLED Display ထည့်သွင်းထားပြီး 120x240p Resolution ဖြစ်ပါတယ်။ Mi Band 3 မှာတော့ ဝ.၇၈ လက်မ မျက်နှာပြင်ထည့်ထားပြီး 80x120p Resolution သာ ရှိပါတယ်။ အဲဒီအတွက် Mi Band 4 ရဲ့ မျက်နှာပြင်ဟာ ပိုမို တိုးတက်လာပါတယ်။

Mi Band 4 မှာ မီတာ ၅၀ အနက်အထိ ရေစိုခံတဲ့ စံနှုန်း ပါလာပါတယ်။ ရေကူးခြင်းကို တွက်ချက်တိုင်းတာပေးပါတယ်။ လက်ပစ်ကူး၊ လိပ်ပြာကူး၊ ပက်လက်ကူး စတဲ့ ရေကူးနည်းများကိုလည်း သူက နားလည်ပါတယ်။

Mi Band 4 မှာ နှလုံးခုန်နှုန်းတိုင်းတာတဲ့ ဆန်ဆာနဲ့ ပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်းလို ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးဖို့ Six-Axis Accelerometer ပါပါတယ်။ လက်ပတ်ကို Bluetooth 5.0 ဖြင့် ဖုန်းနဲ့ချိတ်ဆက်နိုင်ပါတယ်။ တစ်ခါအားအပြည့်သွင်းထားရင် ရက် ၂၀ လောက် အသုံးခံပါတယ်။ အရောင်ခြောက်မျိုးထုတ်လုပ်ထားပါတယ်။

Ref : gizmochina

%d bloggers like this: