25W Fast Charging ပါလာမယ့် Samsung Galaxy Fold 2

Galaxy Note 20 နဲ့ Galaxy Fold 2 ကို ဩဂုတ်လ ၅ ရက်နေ့ ကြေညာမယ်လို့ မကြာခင်က သတင်းထွက်လာပြီး ကိုရိုနာဗိုင်းရက်စ်ကြောင့် အွန်လိုင်းကနေပဲ မိတ်ဆက်မှာပါ။ အခုတော့ တရုတ်က 3C မှာ Fold 2 ကို မှတ်ပုံတင်ထားပြီ ဖြစ်ပြီး 25W Fast Charging ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။ 5G ပါမယ်လို့လည်း ဖော်ပြထားပေမယ့် ဒီသတင်းကို ဟိုးအရင်ကတည်းက သိနေပြီးသားပါ။

အရင်က Fold 2 မှာ S Pen ပါမယ်လို့ သတင်းထွက်ခဲ့ပေမယ့် နည်းပညာ အခက်အခဲကြောင့် ကုမ္ပဏီက S Pen ဖြုတ်ချလိုက်မယ်လို့ သိရပါတယ်။ Fold 2 မှာ သုံးထားမယ့် Ultra Thin Glass (UTG) ဟာ ၀.၀၃ မီလီမီတာပဲ ထူတဲ့အတွက် S Pen ထောက်ပံ့ဖို့ မကြံ့ခိုင်ဘူးလို့ သိရပါတယ်။ Samsung က Fold 2 အတွက် ဈေးသက်သာတဲ့ 256GB Version ကိုလည်း 512GB Version နဲ့အတူ ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

Galaxy Z Flip မှာ မိတ်ဆက်ခဲ့တဲ့ Ultra-Thin Glass (UTG) ကို Galaxy Fold 2 မှာ သုံးထားမှာ ဖြစ်ပြီး အခုတော့ UTG ကို လုံလုံလောက်လောက် မထုတ်လုပ်နိုင်သလို Software ကလည်း မပြီးသေးတဲ့အတွက် Fold 2 ကို ကြေညာပြီးတာနဲ့ ရောင်းမှာ မဟုတ်နိုင်ဘူးလို့ သတင်းထွက်နေပါတယ်။

ဩဂုတ်လ နှောင်းပိုင်းကျမှ အလုံးရေ နည်းနည်း စထုတ်လုပ်မှာ ဖြစ်ပြီး စက်တင်ဘာလကျမှ အကန့်အသတ်နဲ့ ရောင်းနိုင်ပါတယ်။ အရင် သတင်းတွေအရ Galaxy Fold 2 ရဲ့ ခေါက်ချိုး ဒီဇိုင်းဟာ အရင်မျိုးဆက်နဲ့ တူပြီး Galaxy Z Flip မှာလို ဒေါင်လိုက် ခေါက်ချိုး ဒီဇိုင်း မဟုတ်ပါဘူး။ 108MP ပင်မ ကင်မရာ ပါလာနိုင်ပြီး Snapdragon 865 Chipset မောင်းနှင်ထားနိုင်ပါတယ်။ Galaxy Fold 2 မှာ နည်းပညာ အသစ်ဖြစ်တဲ့ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။ အခုပေါ်နေတဲ့ Punch Hole ဆိုတာ မျက်နှာပြင်မှာ အပေါက်ဖောက်ပြီး ကင်မရာ တပ်ဆင်ထားတာပါ။

Ref : gsmarena

%d bloggers like this: