realme က သူ့ရဲ့ ပထမဆုံး စမတ်လက်ပတ်ကို မတ်လက ကြေညာခဲ့ပြီး အခုတော့ အိန္ဒိယမှာ ရောင်းပေးလိုက်ပါပြီ။ realme.com , Flipkart နဲ့ Amazon တို့ကနေ ဝယ်ယူနိုင်ပါတယ်။ ၁၄၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၂၈,၀၀၀ လောက်ပဲရှိပါတယ်။
realme Band မှာ ၀.၉၆ လက်မ Color မျက်နှာပြင် ထည့်သွင်းထားပြီး 80x160px Resolution ဖြစ်ပါတယ်။ မျက်နှာပြင်မှာ စာလုံး ၆၄ လုံး ပြသပေးနိုင်ပြီး Notifications တွေကို ဒီထက်ပိုရှည်စွာ မြင်ရပါတယ်။ Pages တွေ ပြောင်းကြည့်ဖို့အတွက် ခလုတ် ၁ ခု သုံးနိုင်ပါတယ်။ မျက်နှာပြင်ကို လက်နဲ့ ပွတ်ဆွဲပြီး Pages တွေ ပြောင်းကြည့်တဲ့ နည်းမှာ လက်က စာတွေကို ကာထားတဲ့အတွက် ဒီနည်းက ပိုကောင်းပါတယ်။
LinkSmart App က Facebook , Messenger , TikTok က စာသားတွေနဲ့ SMS Notifications တွေကို ပြသပေးနိုင်ပါတယ်။ အစောပိုင်းမှာ Watch Faces ၅ ခုပါလာပြီး နောက်ပိုင်းမှာ Software Updates တွေနဲ့ ထပ်မံ ထည့်သွင်းပေးမှာပါ။ IP68 စံနှုန်းပါလာပြီး ရေအနက် ၁.၅ မီတာအထိ ဝတ်ဆင်နိုင်တဲ့အတွက် ရေကူးရင်၊ ရေချိုးရင် အိုကေပါတယ်။
လက်ပတ်ရဲ့ တစ်ဖက်က ကြိုးကို ဆွဲလိုက်ရင် USB-A Plug ထွက်လာမှာ ဖြစ်ပြီး USB Port နဲ့ ချိတ်ဆက်အားသွင်းနိုင်တဲ့အတွက် ကြိုးတွေ၊ Adapter တွေ မလိုအပ်တော့ပါဘူး။ 90mAh ဘက်ထရီ ထည့်ထားပြီး နှလုံးခုန်နှုန်း အချိန်ပြည့်တိုင်းနေရင်တောင် ၁၀ ရက်ကြာအထိ အသုံးခံပါတယ်။ ၁ နာရီနဲ့ ၄၇ မိနစ်အတွင်းမှာ အားအပြည့်သွင်းနိုင်ပါတယ်။
လက်ပတ်က နှလုံးခုန်နှုန်းကို အချိန်ပြည့် တိုင်းတာပေးနိုင်တာက ကျန်းမာရေးအတွက် မိုက်ပေမယ့် ဘက်ထရီ စားစေပါတယ်။ အိပ်စက်မှုအခြေအနေနဲ့ လမ်းလျှောက်တဲ့ ခြေလှမ်းတွေကို တွက်ချက်ပေးပြီး ရေသောက်ဖို့လည်း သူက သတိပေးပါတယ်။ Sport Modes ၉ ခုပါလာပြီး Cricket, Yoga, Walking, Hiking, Climbing, Cycling, Spinning နဲ့ Fitness ပြုလုပ်တာတွေကို တွက်ချက်ပေးပါတယ်။ တိုင်းတာထားတဲ့ ဒေတာတွေကို App နဲ့ Sync လုပ်ပေးပါတယ်။ realme Band အတွက် အနက်၊ အစိမ်းနဲ့ အဝါရောင်တွေ ထုတ်လုပ်ထားပြီး လက်ပတ်ကို လဲလှယ်နိုင်ပါတယ်။
Ref : gsmarena