Facebook က Video Call မှာ လူ ၅၀ အထိ ပါဝင်နိုင်တဲ့ Messenger Rooms ကို သုံးခွင့်ပေးလိုက်ပြီ

COVID-19 ကြောင့် လူတွေ အိမ်မှာပဲ နေကြတဲ့အတွက် Video Call စွမ်းရည်ကောင်းမွန်တဲ့ Zoom App ဟာ ပြီးခဲ့တဲ့ လအနည်းငယ်ထဲက နာမည်ကြီးလာပါတယ်။ Facebook Messenger မှာ Video Chat ပါပေမယ့် ပါဝင်နိုင်တဲ့ လူအရေအတွက်က နည်းပါတယ်။ ဒါ့အပြင် သူ့ကို သုံးဖို့ Facebook အကောင့် ကိုယ်စီ ရှိရမှာပါ။

အခုတော့ Facebook က Messenger Rooms ကို မိုဘိုင်နဲ့ ဒတ်စတော့ ၂ မျိုးစလုံးမှာ ဖြန့်ချိပေးလိုက်ပြီး လူ ၅၀ အထိ Video Chat မှာ ပါဝင်နိုင်သလို Facebook အကောင့် မရှိလည်း သုံးနိုင်ပါတယ်။ အကောင့် မရှိသူတွေအတွက် Room ရဲ့ Link ကို မျှဝေပေးရမှာပါ။ Messenger Rooms မှာ အချိန် အကန့်အသတ်လည်း မရှိပါဘူး။

Messenger App ကနေ Room ၁ ခုကို Join ရင် AR Effects တွေနဲ့ ကစားနိုင်သလို ဒီဇိုင်းလန်းတဲ့ နောက်ခံတွေနဲ့ Mood Lighting တို့လို လုပ်ဆောင်ချက် အသစ်တွေကို သုံးနိုင်ပါတယ်။ Room ၁ ခုကို စတင် ဖန်တီးသူက ပါဝင်နိုင်မယ့် လူတွေကို သတ်မှတ်နိုင်ပြီး အချိန်မရွေး လူတွေကို ထုတ်ပယ်နိုင်ပါတယ်။ တခြား လူတွေ မဝင်လာစေချင်ရင် Room ကို Lock လုပ်နိုင်ပါတယ်။ Facebook Group ကနေ ဖန်တီးတဲ့ Room တွေဟာ Open ဖြစ်ပြီး အဲဒီ Group က လူတွေ အားလုံး ပါဝင်နိုင်ပါတယ်။

လူတွေ အများကြီး ပါဝင်နိုင်အောင် ပြုလုပ်ပေးထားတဲ့အတွက် Rooms ကနေ ဆက်သွယ်မှုတွေကို Encrypt မလုပ်ပေးထားနိုင်သေးပါဘူး။ Facebook က အနာဂတ်မှာ ပြုလုပ်ပေးမယ်လို့ ပြောပါတယ်။ လက်ရှိမှာ Rooms က ဒေတာတွေကို ပါဝင်သူတွေနဲ့ Facebook Servers တွေကြားမှာ Encrypt လုပ်ပေးထားပါတယ်။ Messenger Rooms ကို စတင်ဖြန့်ချိပေးနေပြီး လာမယ့် ရက်သတ္တပတ်တွေအတွင်း တစ်ကမ္ဘာလုံး သုံးလို့ရနိုင်တော့မှာပါ။

Ref : theverge

%d bloggers like this: