Facebook က ကပ်ရောဂါဆိုး ကာလအတွင်း ဂရုစိုက်မှုကို ပြသဖို့ Hug Reaction ထည့်သွင်းပေး

Facebook က Like အပါအဝင် Reaction တွေကို ဖန်တီးပေးထားပါတယ်။ အခုတော့ Hug Reaction ထည့်သွင်းပေးလိုက်ပါတယ်။ အသည်းနှလုံး ၁ ခုကို ဖက်ထားတဲ့ Animated Emoji ဖြစ်ပြီး ကိုရိုနာဗိုင်းရက်စ် ကပ်ရောဂါဆိုးအတွင်း သူငယ်ချင်း၊ မိသားစုများအား ဂရုစိုက်မှုကို ပြသဖို့အတွက် ဖြစ်ပါတယ်။


Love Reaction က ချစ်ခင်နှစ်သက်မှု အတွက် ဖြစ်ပြီး အခု Hug Reaction ကတော့ ဂရုစိုက်မှုအပြင် နှစ်သိမ့်အားပေးမှု သဘောတွေ သက်ရောက်ပါတယ်။ Facebook က Messenger မှာတော့ Hug Reaction ကို မထည့်သွင်းပေးထားသေးပါဘူး။ ဒါပေမယ့် ခရမ်းရောင် အသည်းပုံကို ပံ့ပိုးပေးလိုက်ပါတယ်။ Messenger မှာ Message ၁ ခုကို ဖိထားပြီးရင် အဲဒါကို အသုံးပြုနိုင်ပါတယ်။

လူမှုကွန်ရက်တွေမှာ ဗိုင်းရက်စ်နဲ့ ပတ်သက်တဲ့ သတင်းများစွာ တက်နေတဲ့အတွက် လူတွေ စိတ်ဆင်းရဲနေကြပါတယ်။ Facebook ရဲ့ Hug Reaction အသစ်က လူတွေရဲ့ စိတ်ဆင်းရဲနေမှုတွေကို အနည်းငယ်တော့ ကုစားပေးနိုင်မှာပါ။ Facebook က Hug Reaction ကို တစ်ကမ္ဘာလုံးအတွက် ထည့်သွင်းပေးနေတာ ဖြစ်ပြီး သင့်မှာ မရသေးရင် ရက်အနည်းငယ် စောင့်ပေးပါ။

Ref : tnw

%d bloggers like this: