iPhone SE 2020 မှာ 3GB RAM နဲ့ 1,812mAh ဘက်ထရီ ပါလာ

Apple က မနေ့ကပဲ iPhone SE 2020 ကို ကြေညာခဲ့ပြီး iPhone 11 က A13 Bionic Chipset အပါအဝင် အထင်ကြီးစရာ Specs တွေ ပါလာပါတယ်။ 64GB , 128GB နဲ့ 256GB Storage တွေ ရွေးချယ်နိုင်ပြီး 64GB ကို ၃၉၉ ဒေါ်လာ၊ 128GB ကို ၄၄၉ ဒေါ်လာ နဲ့ 256GB ကို ၅၄၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်း ၆ သောင်း၊ ၆ သိန်း ၄ သောင်းနဲ့ ၇ သိန်း ၈ သောင်းလောက် ကျသင့်မှာပါ။

Apple ရဲ့ ထုံးစံအတိုင်း RAM နဲ့ ဘက်ထရီ ပမာဏကို မကြေညာခဲ့ပါဘူး။ အခုတော့ China Telecom မှာ အဲဒီ သတင်းအချက်အလက်တွေကို သိလာရပါပြီ။ 3GB RAM နဲ့ 1,812mAh ဘက်ထရီ ထည့်သွင်းထားပြီး iPhone 8 မှာပါတဲ့ ဘက်ထရီ ပမာဏနဲ့ တူပါတယ်။ Apple ဟာ iPhone SE 2020 ကို ကြေညာပြီးနောက်မှာ iPhone 8 Series ရောင်းတာကို ရပ်နားလိုက်ပါတယ်။ iPhone SE 2020 ရဲ့ RAM က iPhone 11 Series ထက် 1GB နည်းပါတယ်။

Apple က iPhone SE 2020 ရဲ့ ဘက်ထရီဟာ ၁၃ နာရီ ဗီဒီယို ကြည့်နိုင်ပြီး ၈ နာရီ Online Video Streaming လုပ်နိုင်တယ်လို့ ပြောပါတယ်။ ဘူးထဲမှာ 5W Charger ပဲပါပေမယ့် 18W Fast Charging ထောက်ပံ့ပါတယ်။ 18W Charger က နာရီဝက်အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပြီး ကြိုးမဲ့အားသွင်းနည်းပညာ ပါပါတယ်။

Ref : gizmochina

%d bloggers like this: