ကျန်းမာရေးအတွက် မစင် ခွဲခြမ်းစိတ်ဖြာတာနဲ့ Analprinting ပါတဲ့ စမတ်အိမ်သာ

နိုင်ငံတကာ သုတေသနပညာရှင်အဖွဲ့ ၁ ခုက ဆန်ဆာများစွာ တပ်ဆင်ထားတဲ့ စမတ်အိမ်သာ ၁ ခုကို မကြာခင်က တီထွင်လိုက်ပါတယ်။ ဆန်ဆာတွေက လူတွေရဲ့ မစင်နဲ့ ဆီးတွေရဲ့ အရောင်၊ ဂလူးကို့စ်ပါဝင်နှုန်း၊ သွေးနီဥဆဲလ် အရေအတွက်တို့လို အရာတွေကို စစ်ဆေးပေးပြီး ကျန်းမာရေး ကောင်း၊ မကောင်း တွက်ချက်ပေးနိုင်ပါတယ်။ လုံခြုံရေးအတွက် ကင်မရာနဲ့ လက်ဗွေရာ ကိရိယာလည်း ပါပါတယ်။

သူ့ရဲ့ ထူးခြားချက်က Analprinting Sensor ပါလာတာပါ။ နောက်နေတာလားတောင် ထင်ရပါတယ်။ ဒါပေမယ့် တကယ်ပါလာတာပါ။ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ Analprinting ပေါင်းစပ်ပြီး 2 Factor Identification ကို သုံးထားပါတယ်။

ပညာရှင်တွေက “ လက်ဗွေရာလိုပဲ Analprint ဟာလည်း လူ ၁ ယောက်နဲ့ ၁ ယောက် မတူညီပါဘူး။ အဲဒီအတွက် စမတ်အိမ်သာမှာ အပို လုံခြုံရေး စနစ် အနေနဲ့ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။ Scanner ၁ ခုထည့်သွင်းထားပြီး သူက အိမ်သာတက်သူရဲ့ စအိုကို ဗီဒီယို အတို ရိုက်ကူးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ Image Recognition Algorithm နဲ့ တိုက်ဆိုင်စစ်ဆေးမှာပါ။ “ လို့ ရေးသားထားပါတယ်။

စမတ်အိမ်သာများစွာကို မြင်တွေ့ခဲ့ကြရပြီးပါပြီ။ ဒါပေမယ့် အခု စမတ်အိမ်သာက တမူထူးခြားပါတယ်။ လက်ရှိမှာ Analprinting အကြောင်း အများကြီး မသိရသေးပါဘူး။ အနာဂတ်မှာ ဒီနည်းပညာကို ထိုင်ခုံတွေမှာ ထည့်သွင်းလာကြမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : tnw

%d bloggers like this: