WHO က ကိုရိုနာဗိုင်းရက်စ်အတွက် App ၁ ခုကို ဖြန့်ချိတော့မည်

ကိုရိုနာဗိုင်းရက်စ်ကို တိုက်ဖျက်ဖို့အတွက် ကမ္ဘာ့နိုင်ငံတွေက ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO) နဲ့ ပူးပေါင်းနေကြပါတယ်။ ဗိုင်းရက်စ်နဲ့ ပတ်သက်တဲ့ ဝက်ဘ်ဆိုက်တွေကိုလည်း နည်းပညာ ကုမ္ပဏီတွေ၊ ကျန်းမာရေး အဖွဲ့အစည်းတွေက လွှင့်တင်ထားကြပါတယ်။ WHO က ဝက်ဘ်ဆိုက်မှာလည်း ဗိုင်းရက်စ် သတင်းအချက်အလက်တွေ၊ ကာကွယ်နည်းတွေကို ဖော်ပြထားပေမယ့် ပိုမိုမြန်ဆန်စွာ ကြည့်နိုင်မယ့် App ၁ ခုကို ဖန်တီးနေပါတယ်။

လူမှုကွန်ရက်တွေမှာ ဗိုင်းရက်စ် သတင်းအမှားတွေ တင်နေကြတာဟာ အရမ်းကို အန္တရာယ်များပါတယ်။ အဲဒီအတွက် WHO က Android နဲ့ iOS အတွက် App ၁ ခုကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ App မှာ သတင်း အမှန်တွေပဲ ဖော်ပြတဲ့အတွက် အရမ်းကို အကျိုးရှိပြီး လူ့အသက်ပေါင်းများစွာကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

App ကို “WHO MyHealth” လို့ နာမည်ပေးထားမှာ ဖြစ်ပြီး ဖန်တီးမယ့် အဖွဲ့ထဲမှာ Google နဲ့ Microsoft ဝန်ထမ်း အဟောင်းတွေ ပါဝင်သလို WHO အကြံပေးတွေက လမ်းညွှန်ကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နယ်ပယ်ပေါင်းစုံက ကျွမ်းကျင်သူတွေက အားဖြည့်ကူညီမှာ ဖြစ်ပါတယ်။ မတ်လ ၃၀ ရက်နေ့မှာ App ကို စတင် ဖြန့်ချိမှာပါ။ App ရဲ့ အလန်းဆုံး စွမ်းရည်က လူ ၁ ယောက်ဟာ ကူးစက်နိုင်ခြေများတဲ့ ဒေသမှာ ရှိနေရင် သတိပေးနိုင်တာ ဖြစ်ပါတယ်။ သင့်မှာ ဗိုင်းရက်စ် ကူးစက်နေပြီလို့ သံသယရှိရင် ကိုယ်တိုင် စစ်ဆေးနိုင်မယ့် နည်းလမ်းတွေကိုလည်း ဖော်ပြထားမှာပါ။

Ref : gizchina

%d bloggers like this: