ကိုရိုနာဗိုင်းရက်စ်ကြောင့် ဖေဖော်ဝါရီလမှာ ဖုန်း ရောင်းအား ကျသွား

Strategy Analytics က ၂၀၂၀ ဖေဖော်ဝါရီလရဲ့ စမတ်ဖုန်း ရောင်းအားကို စစ်တမ်းပြုစုလိုက်ပါတယ်။ ၂၀၁၉ ဖေဖော်ဝါရီလနဲ့ ယှဉ်ရင် ရောင်းအား အရမ်းကို ကျသွားပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလမှာ ဖုန်း ရောင်းအားက ၆၁.၈ သန်း ရှိပြီး အရင်နှစ်ကထက် ရောင်းအား ၃၈ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ အရင်နှစ်က အဲဒီလမှာ အလုံးရေ ၉၉.၂ သန်းတောင် ရောင်းချနိုင်ခဲ့တာပါ။

စမတ်ဖုန်း အများစုကို တရုတ်မှာ ထုတ်လုပ်ကြတာ ဖြစ်ပြီး ကိုရိုနာ ဗိုင်းရက်စ် စတင် ကူးစက်တာကြောင့် ဇန်နဝါရီလကစပြီး တရုတ်မှာ ကုန်ထုတ်လုပ်မှုတွေ ကျဆင်းသွားခဲ့ပါတယ်။ “ သမိုင်းမှာ ၂၀၂၀ ဖေဖော်ဝါရီလဟာ စမတ်ဖုန်း ရောင်းအား အနည်းဆုံး ဖြစ်ပါတယ်။ တရုတ်မှာ စမတ်ဖုန်း ထုတ်လုပ်မှုနဲ့ ရောင်းအား ကျဆင်းခဲ့တဲ့အတွက် အာရှ အပါအဝင် တစ်ကမ္ဘာလုံးမှာပါ ဝယ်လိုအား နည်းခဲ့ပါတယ်။ “ လို့ Strategy Analytics ရဲ့ အရာရှိ Neil Waston က ပြောပါတယ်။

တရုတ်မှာ ဗိုင်းရက်စ်ကို ထိန်းချုပ်နိုင်ပြီ ဖြစ်တဲ့အတွက် စက်ရုံ ၊ အလုပ်ရုံတွေ ပြန်ဖွင့်တော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်း ထုတ်လုပ်မှု ပြန်တိုးတက်လာမှာ ဖြစ်ပေမယ့် တခြား နိုင်ငံတွေမှာပါ ဗိုင်းရက်စ်ကို ထိန်းချုပ်နိုင်မှသာာ ရောင်းအားတွေ ပြန်တက်လာမယ်လို့ ထင်ပါတယ်။

Ref : gsmarena

%d bloggers like this: