WWDC ကို အွန်လိုင်းကနေ ကျင်းပမယ့် Apple

Apple က Worldwide Developers Conference (WWDC) ကို ဇွန်လ အစောပိုင်းမှာ San Jose Convention Center မှာ ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရက်စ်ကြောင့် Santa Clara County က လူအများအပြားပါတဲ့ ပွဲအခမ်းအနားတွေကို မတ်လ ၁၁ ရက်ကနေ ၃၁ ရက်အထိ ယာယီ ပိတ်ပင်ထားလိုက်ပါတယ်။ အဲဒီနောက်ပိုင်းမှာ အခြေအနေပေါ်မူတည်ပြီး ထပ်မံ ပိတ်ပင်နိုင်တဲ့အတွက် Apple WWDC 2020 ဟာ မသေချာတော့ဘူးလို့ မကြာခင်ကပဲ သတင်းထွက်ခဲ့ပါတယ်။

အခုတော့ Apple က ဇွန်လမှာ အွန်လိုင်းကနေ ကျင်းပမယ်လို့ ပြောပါတယ်။ ကုမ္ပဏီက ကိုရိုနာဗိုင်းရက်စ်ကြောင့်လို့ မပြောပေမယ့် အများပြည်သူ ကျန်းမာရေးအတွက်လို့ ပြောပါတယ်။ အွန်လိုင်းကနေပဲ ကျင်းပပေမယ့် ခါတိုင်းနှစ်တွေလိုပဲ သတင်းအချက်အလက် အပြည့်အစုံကို ကြေညာမှာပါ။

Apple က WWDC မှာ Mobile နဲ့ Desktop Operating System တွေကို ကြေညာလေ့ရှိပါတယ်။ ဒီနှစ်မှာလည်း iOS 14 , iPadOS , watchOS 7 နဲ့ macOS 10.16 တို့ကို ကြေညာနိုင်ပါတယ်။ Apple က iPhone SE ရဲ့ မျိုးဆက်သစ်ကိုလည်း မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။ iPad Pro အသစ်ကိုလည်း မြင်ရနိုင်ပါတယ်။ ၁၄ လက်မ MacBook Pro , HomePod 2 နဲ့ Apple TV Streaming Box အသစ်ကိုလည်း ကြေညာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: