SOS လုပ်ဆောင်ချက်နဲ့ လက်ဗွေရာဆန်ဆာတို့ပါဝင်တဲ့ Intex Cloud String စမတ်ဖုန်းအသစ် ထွက်ရှိ

အိန္ဒိယအခြေစိုက်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Intex ဟာ ဈေးကွက်တွင်းကို နောက်ထပ်စမတ်ဖုန်းမော်ဒယ်အသစ်တစ်မျိုး တင်သွင်းလိုက်ပြီဖြစ်ပါတယ်။

Intex Cloud String V2.0 လို့ အမည်ပေးထားတဲ့စမတ်ဖုန်းကို သောကြာနေ့က အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး၊ အွန်လိုင်းစတိုးတစ်ခုဖြစ်တဲ့ Flipkart ကနေပဲ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

Intex ရဲ့ စမတ်ဖုန်းအသစ်ဟာ တန်ဖိုးအားဖြင့် မြန်မာငွေ တစ်သိန်းစွန်းစွန်းခန့်သာရှိပေမယ့်၊ ဒီဇိုင်းပိုင်းကိုက တန်ဖိုးကြီးစမတ်ဖုန်း တစ်လုံးအသွင်ဖြစ်ပြီး၊ ဖုန်းကျောဘက်သတ္တုကိုယ်ထည်ကို မှန်တစ်ချပ်သဖွယ်ပေါလစ်တင်ထားပါတယ်။

စမတ်ဖုန်းတွေမှာ အရေးပေါ်ဖုန်းခေါ်၊မက်ဆေ့ပို့နိုင်တဲ့လုပ်ဆောင်ချက်ကို ထည့်သွင်းပေးဖို့ အိန္ဒိယအစိုးရဲ့ ညွှန်ကြားချက်နဲ့အတူ Intex Cloud String V2.0 မှာ SOS လုပ်ဆောင်ချက်ပါဝင်လာတာကို တွေ့ရပါတယ်။ SOS လုပ်ဆောင်ချက်ဆိုတာ ကိုယ်ကြိုပေးထားတဲ့ ဖုန်းနံပါတ်သုံးခုကိုတွေ အရေးပေါ်အခြေအနေကြုံတဲ့အခါ၊ ဖုန်းရဲ့ခလုတ်တစ်ခုခုကို နှိပ်လိုက်ရုံနဲ့ သတိပေးမက်ဆေ့ပို့နိုင်မယ့် လုပ်ဆောင်ချက်ဖြစ်ပါတယ်။ မက်ဆေ့အပြင် ကိုယ့်ရဲ့တည်နေရာကိုလည်း ကြိုသတ်မှတ်ထားတဲ့ဖုန်းနံပါတ်တွေဆီ လှမ်းပို့ပေးနိုင်ပါတယ်။

ဒီဖုန်းရဲ့ မျက်နှာပြင်အကျယ်က ၅ လက်မရှိကာ၊ 1280×720 pixels ရုပ်ထွက်အရည်အသွေးရှိ IPS မျက်နှာပြင်ဖြစ်ပါတယ်။ ။ 1.3GHz quad-core Cortex A7 ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ RAM 2GB ပါရှိကာ၊ ဖုန်းတွင်း storage ကတော့ 16GB ဖြစ်ပါတယ်။ microSD ကတ်လည်း ထပ်စိုက်နိုင်ပါတယ်။

ကင်မရာပိုင်းမှာတော့ Samsung ရဲ့ ပုံရိပ်ဖမ်းဆန်ဆာပါဝင်တဲ့ 8MP ကျောကင်မရာနဲ့ 5MP ဆယ်လ်ဖီကင်မရာတို့ ပါရှိပြီး၊ ကျောကင်မရာနဲ့ စလိုးမိုးရှင်းဗီဒီယိုတွေလည်း ရိုက်ကူးနိုင်တယ်လို့ ဆိုပါတယ်။

Android စနစ်ကတော့ 5.1 Lollipop နဲ့ပဲဖြစ်ပြီး၊ ဘက်ထရီကတော့ 2200mAh ဘက်ထရီဖြစ်ပါတယ်။ ဘက်ထရီနည်းပေမယ့် ဖုန်းပြောချိန် ၇ နာရီအထိခံပြီး၊ မသုံးပဲဖွင့်ထားမယ်ဆိုရင် နာရီပေါင်း ၁၉၀အထိ ခံတယ်လို့ဆိုပါတယ်။ ဖုန်းကျောဘက်မှာ လက်ဗွေရာဆန်ဆာလည်းပါဝင်ပြီး၊ တန်ဖိုးနည်းဖုန်းတွေထဲမှာ ဒီဇိုင်းကော စွမ်းဆောင်ရည်ပါကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

အရောင်အားဖြင့် ရွှေရောင်နဲ့ ငွေရောင်နှစ်မျိုးပဲရရှိမှာဖြစ်ကာ၊ လောလောဆည်တော့ တခြားနိုင်ငံတွေကို တင်ပို့ဖို့ မရှိသေးပါဘူး။

Ref: Gadgets360

 

 

 

%d bloggers like this: