၂၀၁၆ ခုနှစ်၊ဒုတိယသုံးလပတ်မှာ ဒေါ်လာ ၁၃၂သန်း အရှုံးပေါ်ခဲ့တဲ့ LG မိုဘိုင်း

စမတ်ဖုန်းကုမ္ပဏီတွေမှာ အကောင်းဆုံးနဲ့အဓိကထားထုတ်တဲ့ Flagship မော်ဒယ်သက်သက်ရှိပြီး၊ မိုဘိုင်းဈေးကွက်ထဲမှာ ကုမ္ပဏီရဲ့နာမည်ကိုမြှင့်ပေးမယ့် အဓိကမော်ဒယ်ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့အခြေအနေတွေမှာ အကောင်းဆုံးအနေနဲ့ထုတ်ထားတဲ့ ဖုန်းဟာ အောင်မြင်မှုရှိသလို၊ ဖြေမဆည်နိုင်အောင်အရှုံးပေါ်တာမျိုးလည်းရှိပါတယ်။ အနီးစပ်ဆုံးဥပမာပေးရရင်တော့ LG G5 ဖုန်းပါပဲ။

LG ဟာ ဒီဇိုင်းဆန်းဆန်းနဲ့ မော်ဂျူလာစမတ်ဖုန်း LG G5 ကို ယခုနှစ်အစောပိုင်းမှာ စတင်မိတ်ဆက်ခဲ့ပြီး၊ ကုမ္ပဏီဝင်ငွေတိုးအောင် ကြိုးစားခဲ့ပေမယ့်၊ မျှော်မှန်းသလောက်ဖြစ်မလာခဲ့တာတွေ့ရပါတယ်။

LG ကုမ္ပဏီရဲ့ တရားဝင်ထုတ်ပြန်ချက်အရ၊ ၂၀၁၆ ခုနှစ် ဒုတိယသုံးလပတ် (Q2) မှာ၊ LG Electronics ကုမ္ပဏီကြီးတစ်ခုလုံးအနေနဲ့ လုပ်ငန်းလည်ပတ်မှုအကျိုးအမြတ် ဒေါ်လာ ၅၀၃.၁၀ သန်းရရှိခဲ့ပြီး၊ ယမန်နှစ်ကထက် ၁၄၀ ရာခိုင်နှုန်း ပိုမိုများပြားလာတာဖြစ်ပါတယ်။ ဒါပေမယ့် LG Mobile ဌာနကတော့ ယခု ဒုတိယသုံးလပတ်မှာ ကန်ဒေါ်လာ ၁၃၂၁၀ သန်းအထိ အရှုံးပေါ်ခဲ့တယ်လို့သိရပါတယ်။ လွန်ခဲ့တဲ့ ပထမသုံးလပတ် (Q1) တုန်းကထက် ၃၅ ရာခိုင်နှုန်း အရှုံးနည်းသွားတာဆိုတော့ တိုးတက်မှုရှိလာတယ်ပဲဆိုရမှာပါ။

နောက်ထပ်စာရင်းဇယားတွေအရ LG ကုမ္ပဏီဟာ ဒုတိယသုံးလပတ်ကာလအတွင်းမှာ ကမ္ဘာတစ်လွှားကို မိုဘိုင်းအလုံးရေပေါင်း ၁၃.၉ သန်းတင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကုမ္ပဏီအနေနဲ့ G5 ဖုန်းအလုံးရေဘယ်လောက်ရောင်းချခဲ့ရသလဲဆိုတာကို အတိအကျထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပဲ၊ ကုမ္ပဏီရဲ့ တန်ဖိုးနည်းစမတ်ဖုန်းတွေဖြစ်တဲ့ V စီးရီးဖုန်းသစ်တွေနဲ့ K နဲ့ X စီးရီးထဲကဖုန်းတွေရောင်းချရမှုနဲ့ဆိုရင် နောက်လာမယ့် တတိယသုံးလပတ်မှာတော့ အမြတ်ဝင်ငွေရရှိလာဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။

LG လေအေးပေးစက်လုပ်ငန်းကတော့ ဝင်ငွေ ၄.၀၄ ဘီလီယံရှာပေးနိုင်ခဲ့ပြီး၊ ဝင်ငွေပေါ်အကျိုးအမြတ် ၃၇၃.၂၄ သန်းရရှိခဲ့ကြောင်းသိရှိရပါတယ်။ အိမ်တွင်းဖျော်ဖြေမှုဌာနကတော့ ဝင်ငွေ ၃.၅၈ ဘီလီယံရရှိခဲ့ကာ၊ လုပ်ငန်းလည်ပတ်မှုအမြတ်ငွေ ၃၀၆.၉၇ သန်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

LG မိုဘိုင်းအရှုံးပေါ်နေစဉ်အချိန်မှာ၊ ပြိုင်ဘက် Samsung ကုမ္ပဏီရဲ့ IT& Mobile ဌာနဟာ Galaxy S7 ဖုန်းအောင်မြင်မှုနဲ့အတူ Q2 မှာ စံချိန်တင်အမြတ်ငွေ ၃.၈၃ ဘီလီယံဒေါ်လာအထိ ရရှိခဲ့ကြောင်း သိရှိရပါတယ်။

Ref: Tech Crunch

 

 

 

%d bloggers like this: