အမေရိကန်အီလက်ထရောနစ်ကုမ္ပဏီ Vizio ကို ကန်ဒေါ်လာ ၂ ဘီလီယံနဲ့ ဝယ်ယူလိုက်တဲ့ တရုတ်နည်းပညာကုမ္ပဏီ LeEco

LeEco လို့ လူသိများတဲ့ တရုတ်နည်းပညာကုမ္ပဏီ Le Holdings ကုမ္ပဏီလိမိတက်ဟာ အမေရိကန်အီလက်ထရောနစ်ကုမ္ပဏီ Vizio ကို ကန်ဒေါ်လာ ၂ ဘီလီယံနဲ့ ဝယ်ယူလိုက်ပြီဖြစ်ကြောင်း အင်္ဂါနေ့က တရားဝင်ကြေငြာလိုက်ပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Vizio ကုမ္ပဏီဟာ  တန်ဖိုးသင့်မျက်နှာပြင်အပြားတီဗီ၊ စပီကာ၊ တက်ဘလက် နဲ့ LCD မော်နီတာတွေကို ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ၂၀၀၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီဟာ အခုဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ တီဗီထုတ်လုပ်သူကုမ္ပဏီကြီးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်နေပါပြီ။

Vizio ကုမ္ပဏီဟာ လွန်ခဲ့တဲ့နှစ်မှာ ကုမ္ပဏီပိုင်ရှယ်ယာတွေကို အများပြည်သူထံထုတ်ရောင်းခဲ့ပြီး၊ ၂၀၁၅ ခုနှစ် ပထမခြောက်လအတွင်းမှာတင် ကန်ဒေါ်လာ ၁.၃ ဘီလီယံလောက် ဝင်ငွေရရှိခဲ့ပါတယ်။

LeEco ကုမ္ပဏီက ဝယ်ယူလိုက်ပြီးနောက်မှာ၊ Vizio ရဲ့ ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲဌာနတွေကို LeEco ကုမ္ပဏီတစ်ဦးတည်းပိုင် ကုမ္ပဏီခွဲအနေနဲ့ လုပ်ငန်းလည်ပတ်သွားမှာဖြစ်ပြီး၊ ‘Vizio’ နာမည်နဲ့ပဲ ဆက်လက်တည်ရှိသွားမှာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ Inscape စမတ်တီဗီလုပ်ငန်းကိုတော့ ပုဂ္ဂလိကကုမ္ပဏီအဖြစ် ဆောင်ရွက်မှာဖြစ်ကာ၊ Vizio တည်ထောင်သူ William Wang က ရှယ်ယာ ၅၁ ရာခိုင်နှုန်းနဲ့ ဦးဆောင်သွားမှာဖြစ်ပါတယ်။

LeEco ကုမ္ပဏီဟာ ၂၀၀၄ ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တဲ့ကုမ္ပဏီဖြစ်ပေမယ့်၊ အချိန်အနည်းငယ်အတွင်းမှာ အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ LeEco ဟာ လွန်ခဲ့တဲ့နှစ်၊ ဧပြီလလောက်မှာ စမတ်ဖုန်းတွေ စတင်ထုတ်လုပ်ရောင်းချခဲ့ရာမှာလည်း လူကြိုက်များအားပေးမှုကို ရရှိခဲ့ပါသေးတယ်။ ဒီ့အပြင် LeEco ဟာ ယခုနှစ်အစောပိုင်းမှာ လျှပ်စစ်ဘက်ထရီစွမ်းအင်သက်သက်သုံးကားဒီဇိုင်းတစ်ခုကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။

ယခုကုမ္ပဏီဝယ်ယူမှုမှာ Bank of America Merrill Lynch ဘဏ်က အကြောင်းကြားဘဏ်အဖြစ် Vizio ဘက်က တာဝန်ယူထားပြီး၊ Latham & Watkins LLP က တရားဝင်ဥပဒေအကြံပေးအဖြစ် တာဝန်ယူထားပါတယ်။ ငွေပေးချေမှုကိုတော့ ယခုနှစ် စတုတ္ထသုံးလပတ် အတွင်းအပြီးသတ်နိုင်ဖို့ မျှော်မှန်းထားကြောင်း သိရှိရပါတယ်။

Ref: Venture Beat

 

 

%d bloggers like this: