Microsoft က Word, Excel နဲ့ PowerPoint အားလုံးပါတဲ့ Android App ၁ ခု ဖြန့်ချိ

Microsoft က Word, Excel နဲ့ PowerPoint အတွက် App ၁ ခုစီ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ Microsoft က အဲဒါတွေ အကုန်လုံးပါတဲ့ Office App ကို Android အတွက် ဖြန့်ချိပေးလိုက်ပါတယ်။ အရင်က အဲဒီ App ကို Office Insiders တွေကပဲ အသုံးပြုနိုင်ခဲ့တာ ဖြစ်ပြီး အခုတော့ Play Store မှာ လူတိုင်း ရယူနိုင်ပါပြီ။

အဲဒီ App မှာ Office Documents တွေ ဖန်တီးတာ၊ ဖတ်တာ အပြင် တခြား လုပ်ဆောင်ချက်တွေ ပါလာပါတယ်။ မှတ်စုတွေကို လျှင်မြန်စွာ မှတ်သားနိုင်ပြီး Windows 10 Sticky Notes App နဲ့ Sync လုပ်နိုင်ပါတယ်။ ဓါတ်ပုံတွေက စာသားတွေကို စကင်ဖတ်နိုင်ပြီး PDFs တွေကို ဖတ်တာ၊ လက်မှတ်ထိုးတာတွေ ပြုလုပ်လာနိုင်ပါတယ်။ သင့် ကွန်ပြူတာနဲ့ အနီးအနားက Device တွေထံ ဖိုင်တွေ ပေးပို့နိုင်ပါတယ်။

Microsoft က Android အတွက် အရင် ဖြန့်ချိထားတဲ့ Word, Excel နဲ့ PowerPoint App တွေကို ဖျက်သိမ်းမလားဆိုတာ မသိရသေးပါဘူး။ iOS အတွက် Office App ကို ဖြန့်ချိပေးမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : tnw

%d bloggers like this: